အပိုင်း(၇၈)
စနစ်မှ ထွက်လာပြီးနောက် ချင်းရှင်းက အပေါ်ထပ်သို့တက်တော့မည့် အချိန်တွင် ခြံဝင်းထဲ၌ ကားတစ်စီး ရပ်လာသည်ကို တွေ့လိုက်ရပြီး အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ချင်းရှင်းက တံခါးဖွင့်ပေးလိုက်ရာ အပြင်ဘက်၌ မတ်တတ်ရပ်နေသော ကုဝူယွီကို တွေ့လိုက်ရသဖြင့် "အထဲကို ဝင်ပါ" ဟုဖိတ်ခေါ်လိုက်သည်။
တစ်နေ့တာ အလုပ်များပြီးနောက် ကုဝူယွီ၏ အသွင်အပြင်က အနည်းငယ် ပင်ပန်းနေပုံရသည်။
သို့သော် ချင်းရှင်းကို မြင်ပြီးနောက် ကုဝူယွီက စိတ်အေးချမ်းသွားပုံရသည်။
ကုဝူယွီက စားသောက်ဆိုင်ထဲသို့ ဝင်လိုက်ပြီး လက်ထဲမှ ဖိုင်တွဲကို ချင်းရှင်းထံသို့ ကမ်းပေးလိုက်ကာ "စကားဝါပန်းဝိုင်တွေ ရောင်းကုန်သွားပြီ" ဟုပြောလိုက်သည်။
ချင်းရှင်းက ပြုံး၍ ဖိုင်တွဲကိုယူလိုက်ကာ စားပွဲပေါ်သို့ တင်ပြီး "ညစာစားပြီးပြီလား" ဟုကုဝူယွီကို မေးလိုက်သည်။
ကုဝူယွီက ခေါင်းယမ်းပြလိုက်သဖြင့် ချင်းရှင်းက "ဒီမှာ ခဏထိုင်စောင့်ဦးနော်" ဟုပြောလိုက်သည်။
"အလုပ်ရှုပ်ခံမနေပါနဲ့။ ကိုယ်အပြင်မှာပဲ စားလိုက်မယ်။ အနားယူလိုက်ပါဦး"
ချင်းရှင်းက တစ်နေ့တာလုံး အလုပ်ရှုပ်နေသည်ကို ကုဝူယွီက သိသဖြင့် ကုဝူယွီက ချင်းရှင်းအား စောစော အနားယူစေချင်ခဲ့သည်။
"ရပါတယ်။ ကျွန်မ အဆင်ပြေပါတယ်"
ချင်းရှင်းက ထိုသို့ပြော၍ မီးဖိုခန်းထဲသို့ ဝင်သွားခဲ့သည်။
မီးဖိုခန်းကို မှန်ဖြင့်ကာထားသောကြောင့် ချင်းရှင်းက စနစ်ထဲသို့ မ၀င်ခဲ့ပေ။
အကြောင်းမှာ ချင်းရှင်းက မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားပါက ကုဝူယွီ သံသယဝင်သွားမည်ကို စိူးရိမ်သောကြောင့် ဖြစ်သည်။