အပိုင်း(၃၆)
အထူးသဖြင့် ကားထဲ၌ လူသုံးဦး ဖြစ်လာသဖြင့် ကားအတွင်းပိုင်းနေရာမှာ လှုပ်ရှား၍ မလွယ်ကူတော့ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် ချင်းရှင်း၏ စီမံခန့်ခွဲမှုကြောင့် အချင်းချင်း မတိုက်မိကြပေ။
နံနက် ဆယ်နာရီတွင် ပါဝင်ပစ္စည်းများ အားလုံး ရောင်းကုန်သွားသည့်အပြင် ကားတွင်ရှိသော ရေနှင့် လျှပ်စစ်များ ကုန်သွားသဖြင့် ချင်းရှင်းက "အားလုံးပဲ စိတ်မကောင်းပါဘူး။ မနက်ဖြန်မှပဲ ပြန်လာခဲ့ကြပါ" ဟုတန်းစီနေသော ပရိသတ်များကို တောင်းပန်လိုက်သည်။
ထိုအခါ ပရိသတ်များက စိတ်ပျက်စွာဖြင့် ပြန်သွားခဲ့ကြသည်။
ချင်းရှင်းက ပရိတ်သတ်များ၏ စိတ်ပျက်နေသော ပုံစံများကို ကြည့်ကာ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားသွားရသော်လည်း သူမ၌ ရွေးချယ်စရာ မရှိခဲ့ပေ။
ချင်းရှင်းက ကားကို အိမ်ပြန်မောင်းလာပြီးနောက် ကား၌ လျှပ်စစ်မီး လုံးဝမကျန်တော့သည်ကို တွေ့လိုက်ရသည်။
မေ့ကုန်းလန်က ကားကို အားသွင်းလိုက်ပြီး မေ့ကုန်းချင်းသည်လည်း အားသွင်းရန်အတွက် အပိုပါဝါကို သွားယူခဲ့သည်။
"မနက်ဖြန်ကျရင် နောက်ထပ် ရေပုံးတွေ ထပ်ယူသွားရမယ်"
လျှပ်စစ်ပြဿနာက အားသွင်းနိုင်သည့် အရန်ဓာတ်အား ထောက်ပံ့မှု ရှိသဖြင့် ဖြေရှင်းရန် အနည်းငယ် လွယ်ကူသည်။
မေ့ကုန်းချင်းက ပြန်လာပြီးနောက် ဆိုင်တံခါးကိုဖွင့်လိုက်ကာ ဘာမှမလုပ်ဘဲ သူမ ဝယ်ထားသော အသားလုံးများကို တုတ်ချောင်းရှည်ဖြင့် ထိုးနေခဲ့သည်။
ရောက်လာမည်ကို သိနေသောကြောင့် ပေါင်မုန့်များကို အလုံအလောက် ပြင်ဆင်ထားလိုက်သည်။
ဟူရှင်းကောက ပါဝင်ပစ္စည်း ပမာဏကို ပုံမှန်ပမာဏထက် သုံးဆ ထပ်ထည့်လိုက်သည်။
ချင်းရှင်းက ချက်ပြုတ်ထားသော ယာဂုကိုထည့်ထားရန်အတွက် အိုးကြီးများကို သွားဝယ်လိုက်သည်။
ထို့အပြင် ချင်းရှင်းက မနက်ဖြန်တွင် ရောင်းချမည့် ကော်ပြန့်မုန့်အတွက် မုန့်ရည်ကို ကြိုတင် ပြုလုပ်ထားခဲ့သည်။
တတိယထပ်တွင် စိုက်ပျိုးထားသော ကြက်သွန်မြိတ်နှင့် နံနံတို့ကိုလည်း အကုန်သုံးထားသောကြောင့် ဟူရှင်းကောက အဖွားထံမှ ကြက်သွန်မြိတ်နှင့် နံနံတို့ကို ဝယ်ယူခဲ့သည်။
ချင်းရှင်းက ညစာစားပြီးနောက် မေ့ကုန်းလန်ကို အရင် ပြန်သွားခိုင်းလိုက်သည်။
တတိယထပ်သို့ ပြန်ရောက်သောအခါ ချင်းရှင်းက မောပန်းနွမ်းနယ်နေသဖြင့် အနားယူချင်နေခဲ့သည်။
စနစ်ရမှတ် ၅၀၀ ကျော်လွန်ပြီးနောက် စနစ်၏ သိုလှောင်မှုနေရာကို (၂၀) အထိ တိုးချဲ့နိုင်ခဲ့သည်။
သိုလှောင်မှုနေရာကို ချဲ့ထွင်ခြင်းအပြင် စနစ်ကို ဝင်ရောက်နိုင်သည့် အကြိမ် အရေအတွက်ပါ တိုးသွားခဲ့သည်။
ထို့အပြင် စနစ်၏အပေါ်ဘက် ညာဘက်ထောင့်တွင် အဆင့်(၁) ဖောက်သည်ဟူသော စကားလုံးပေါ်လာခဲ့သည်။
သို့သော် ချင်းရှင်းအတွက် အနည်းငယ် စိတ်ဓာတ်ကျသွားစေသည့်အချက်မှာ စနစ်အမှတ် 600 နှင့် 700 သို့ ရောက်ရှိသောအခါ လုပ်ဆောင်ချက်အသစ်များကို အသက်မသွင်းနိုင်တော့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် စနစ်၏ နောက်ထပ်လုပ်ဆောင်ချက်ကို အမှတ် 1,000 ဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရှောင်းရှောင်းထံမှ ချင်းရှင်းက သိရှိခဲ့သည်။
သို့သော်လည်း သိုလှောင်ခန်းကို 20 အထိ ချဲ့ထွင်နိုင်ပြီးနောက် ယခုအချိန်တွင် ချင်းရှင်းက သိုလှောင်ခန်းထဲ၌ အစားအသောက်များကို သိုလှောင်ထားနိုင်ခဲ့သည်။
မဟုတ်ပါက ဤရက်များတွင် ချင်းရှင်းက အမှန်တကယ် ပင်ပန်းနေသဖြင့် အလုပ် သိပ်လုပ်နိုင်မည် မဟုတ်ပေ။
Oden soup ကိုပြုတ်၍ ချဉ်စပ်ခေါက်ဆွဲနှင့် လဲလှယ်ပြီးနောက် ချင်းရှင်းက စိတ်ဝိညာဉ် ဆေးပြားကို လဲလှယ်ချင်ခဲ့သည်။
သိူ့သော် သူမ၏ အစားအသောက်များကို ပရိသတ်များက စောစောစားရန် စောင့်နေကြဆဲ ဖြစ်သဖြင့် ဆီကိုသာ လဲလှယ်လိုက်သည်။
စနစ်မှ ထွက်လိုက်ပြီးနောက် ချင်ရှင်းက ဆီကို ဘေးတွင်ထား၍ အိပ်ရာဝင်လိုက်သည်။
နောက်နေ့ မနက်စောစော ဆိုင်ထွက်ရန် ချင်းရှင်းက ကားမောင်းနေသည့် အချိန်၌ မေ့ကုန်းလန်က ပေါင်းအိုးဖြင့် ပေါင်မုန့်များကို နွှေးနေခဲ့သည်။
မေ့ကုန်းချင်းကလည်း အားလပ်ရက် သုံးရက်အတွင်း ယခင်ကထက် ဖောက်သည်များ ပိုများလာမည်ကို သိရှိသဖြင့် အတူဈေးလိုက်ရောင်းရန် ယနေ့နံနက်၌ စောစောထ၍ လိုက်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လူအမြောက်အမြား မရှိသေးသောကြောင့် မေ့ကုန်းလန်က ဤအချိန်ကို အခွင့်ကောင်းယူကာ ကားထဲမှထွက်ပြီး ကားပြတင်းပေါက်များ အားလုံးကို ဖွင့်လိုက်သည်။
ချင်းရှင်းက ဘာမှမလုပ်ဘဲ ဆီကိုထုတ်ကာ ငရုတ်ဆီကိုချက်လိုက်သဖြင့် မွှေးရနံ့က လျင်လျင်မြန်မြန်ပင် ပျံ့နှံ့သွားခဲ့သည်။
မေ့ကုန်းလန် တစ်ယောက်တည်း လက်ရှိ တန်းစီနေသော ဖောက်သည်များကို ကိုင်တွယ်နိုင်နေခဲ့သော်လည်း မကြာခင်၌ မေ့ကုန်းလန်က မထိန်းနိုင်တော့သည်ကို တွေ့လိုက်ရသည်။
ဤသို့ဖြင့် မိနစ်နှစ်ဆယ်မပြည့်ခင်၌ ချင်းရှင်းတို့၏ ကားရှေ့တွင် လုအုပ်ကြီး ဖြစ်သွားတော့သည်။
လုယိမင်က မူလက သူကိုယ်တိုင်နှင့် ကုဝူယွီအတွက် မနက်စာများ ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ချင်းရှင်း၏ ဆိုင်သို့ ရောက်လာသောအခါ လူအများကြီးကို တွေ့လိုက်ရသဖြင့် "ဘာလို့ လူတွေ ဒီလောက်များနေတာလဲ" ဟုအံ့သြတကြီး ရေရွတ်မိလိုက်သည်။
လုယိမင်က နောက်ဆုံးတွင် ရပ်နေသော လူများကို မေးလိုက်သောအခါ "ရှင်းရှင်းရဲ့ အစားအသောက် ကမ္ဘာ ဘလော့ဂါရဲ့ ပရိသတ်တွေက မေဒေးအားလပ်ရက်မှာ လာဝယ်ကြတာ" ဟုရပ်နေသော သူများက ပြန်ပြောလိုက်ကြသည်။
လုယိမင်က ချင်းရှင်း၏ ချဉ်စပ်ခေါက်ဆွဲကို စားချင်သော်လည်း တန်းစီနေသော လူတန်းကြီးက ကြောက်စရာကောင်းနေသဖြင့် လုယိမင်က သက်ပြင်းချ၍ လက်လျှော့လိုက်သည်။
လုယိမင် ခိုင်းထားသော ရှောင်နွဲ့ဆိုသည့် ဝန်ထမ်းက တစ်နာရီနီးပါးကြာအောင် ရပ်စောင့်ပြီးနောက် နောက်ဆုံးတွင် လုယိမင် မှာထားသော ချဉ်စပ် ခေါက်ဆွဲကို ဝယ်ယူခွင့် ရခဲ့သည်။
ရှောင်နွဲ့က လုယိမင်တို့အတွက် ချဉ်စပ်ခေါက်ဆွဲ နှစ်ပွဲအပြင် သူကိုယ်တိုင် အတွက်ပါ ချဉ်စပ်ခေါက်ဆွဲတစ်ပွဲကို မှာယူရန် စဉ်းစားလိုက်သည်။
ငါးမိနစ်ခန့် ကားမောင်းလာပြီးနောက် ရှောင်နွဲ့က ရနံ့ပိုပြင်းလာသည်ကို ခံစားလိုက်ရသည်။
အနံ့ပိုရလေလေ လောဘကြီးလာ လေလေဖြစ်သဖြင့်မီးပွိုင့်ရောက်သောအခါ ရှောင်နွဲ့က အမှန်တကယ်ပင် မထိန်းနိုင်တော့ပေ။
ထို့ကြောင့် ရှောင်နွဲ့က ချဉ်စပ် ခေါက်ဆွဲ တစ်ပွဲကို ကောက်ယူပြီး စားလိုက်သောအခါ ထိတ်လန့်သွားခဲ့သည်။
ထို့အတူ မနက်စာကို ဝယ်ရန် လူများစွာ တန်းစီနေရသည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
ကားပြတင်းပေါက် ခေါက်သံကြောင့် ရှောင်နွဲ့က ကားပြတင်းပေါက်ကိုဖွင့်ပြီး ပြတင်းပေါက်အပြင်ဘက်၌ ရပ်နေသောလူကို အံ့သြနေသည့် မျက်နှာနှင့် ကြည့်လိုက်သည်။
.....
ချင်းရှင်းအပါအဝင် မေ့ကုန်းလန်တို့ သုံးယောက်က နေ့လည်ခင်း ဆယ့်နှစ်နာရီအထိ အလုပ်ရှုပ်နေခဲ့ကြသည်။
ဟူရှင်းကောက ရေမကုန်သွားရန်အတွက် ရေသန့်ကို ယူဆောင်လာပေးနေခဲ့သည်။
ပါဝင်ပစ္စည်းများကိုလည်း အဆက်မပြတ် ပံ့ပိုးပေးနေသော်လည်း ငရုတ်ဆီနှင့် ပေါင်မုန့်များကဲ့သို့ ပြန်လည် မဖြည့်တင်းနိုင်သော ပစ္စည်းများလည်း ရှိနေသေးသည်။
မေ့ကုန်းချင်းက သူမပေါင်ကို ရိုက်လိုက်ပြီး "ရှောင်ရှင်း မနက်ဖြန် ရောင်းတဲ့နေရာကို ငါတို့အိမ်ကို ပြောင်းကြမလား" ဟုပြောလိုကိသည်။
ဤနည်းအားဖြင့် ရေနှင့်လျှပ်စစ်မီးရရှိရေးမှာ အလွန်အခက်အခဲ ဖြစ်တော့မည် မဟုတ်ပေ။
ချင်းရှင်းက တုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချင်းရှင်းက Weibo ကိုမသုံးခဲ့မိသဖြင့် ဝင်ကြည့်လိုက်သောအခါ ပရိသတ် အရေအတွက် ၁.၅ သန်းရောက်သွားကြောင်းကို တွေ့လိုက်ရသည်။
ချင်းရှင်းက Weibo ၌
[ရှင်းရှင်းရဲ့ အစားအသောက် ကမ္ဘာ- နံနက်စာ ဝယ်ဖို့ ကျွန်မရဲ့ဆိုင်ကို လာရောက်ပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ရှေ့နှစ်ရက်ကလို ပစ္စည်း မလုံလောက်တာကို ဖြေရှင်းဖို့အတွက် ရှင်းရှင်းက မနက်ဖြန် အမှတ် 3 X လမ်းမှာ ဈေးဆိုင်တစ်ခု ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနေ့ ရှင်းရှင်း
က ပါဝင်ပစ္စည်းတွေကို လုံလုံလောက်လောက် ပြင်ဆင်ထားပြီး မနက်ဖြန်ကျရင် ပရိသတ်တွေ လာရောက် လည်ပတ်မှာကို စောင့်နေမယ်နော်】
အပိုင်း (၃၆) ပြီးပါပြီ။