အပိုင်း(၇၃)
ချင်းရှင်းက "ငါရဲ့နံပါတ်က 08277 ဆိုတော့ ငါက စနစ်က ရှာဖွေတွေ့ရှိထားတဲ့ 8277 ယောက်မြောက်လား" ဟုမေးလိုက်သည်။
"ဟုတ်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ခုစီရဲ့ အရေအတွက် နံပါတ်က မတူဘူး။ မင်းရဲ့ ကမ္ဘာနံပါတ်က 0၊ တခြားကမ္ဘာက နံပါတ် 1 ဖြစ်ပြီး နောက်ကမ္ဘာတစ်ခုဆို နံပါတ် 2 ဖြစ်တယ်။ မင်းက ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ 8277 ယောက်မြောက် အသုံးပြုသူပါ" ဟုရှောင်းရှောင်းက ပြန်ဖြေလိုက်သည်။
ချင်းရှင်းက ထိုစကားကို ကြားပြီးနောက် ပို၍ပင် မူးဝေလာကာ "ဆိုလိုတာက ငါတို့ကမ္ဘာမှာ အခုဒီစနစ်ကို သုံးနေတဲ့ လူပေါင်း 8,000 ကျော်ရှိနေပြီပေါ့ ဟုတ်လား" ဟုပြန်မေးလိုက်သည်။
"မဟုတ်ဘူး"
ရှောင်းရှောင်းက ခေတ္တရပ်၍ ချင်းရှင်းကို ရှင်းပြရန်
စဉ်းစားလိုက်ကာ "00007 ဖောက်သည်က ဒီကမ္ဘာရဲ့ ကျိုးမင်းဆက်က လူတစ်ယောက်ပါ" ဟုပြန်ပြောလိုက်သည်။
"ကြီးမြတ်တဲ့ ကျိုးတိုင်းပြည်။ အဲဒါ ခရစ်ယာန်ခေတ်မတိုင်ခင်က တိုင်းပြည် မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက လူနဲ့ စကားပြောနေရတာလား"
ရှောင်းရှောင်းက "ဟုတ်ပါတယ်" ဟုပြန်ဖြေလိုက်သဖြင့် ချင်းရှင်းက ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။
ထို့နောက် 00007 ၏မက်ဆေ့ခ်ျကို ဝင်ဖတ်လိုက်ရာ "မင်းရဲ့ အစားအသောက်တွေက အရမ်းစားကောင်းတယ်။ ဘယ်တော့လောက် ပြန်ရောင်းမှာလဲ" ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။
ချင်းရှင်းက "ကျွန်မမှာ ငရုတ်ဆီ ရောင်းဖို့ ရှိတယ်။ အရင်မြည်းကြည့်ပါလား" ဟုချင်းရှင်းက ရှေးခေတ်မှလူကို သူမ၏ ဘိုးဘေးဟု သတ်မှတ်ကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။