Chapter 7
“ကျေးဇူးပါ အစ်မမေ့” အစ်မမေ့၏ ကြင်နာမှုအား ချင်းရှင်းစိတ်ထဲတွင် သေချာမှတ်ထားလိုက်မိသည်။
မေ့ကုန်းချင်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး “ဘာကျေးဇူးတင်နေစရာ လိုလို့လဲ”
“ညီမကို ခဏစောင့်နော်။ ချက်ချင်း အောက်ပြန်ဆင်းလာပြီး ကူညီပေးမယ်” ချင်းရှင်း အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားပြီး သူမဝယ်လာသော ပဲပိစပ်များကို ဇလုံကြီးတစ်ခုထဲသို့ သွန်ချလိုက်ကာ ရေစိမ်ထားပြီး အောက်ထပ်သို့ အမြန်ပြန်ဆင်းလာခဲ့သည်။ ထို့နောက် မေ့ကုန်းချင်နှင့်အတူ မြေသားများကို တတိယထပ်လသာဆောင်ဆီ ရွှေ့လိုက်ပြီး မျိုးစေ့များကြဲကာ ရေလောင်းလိုက်၏။ အကုန်လုပ်ကိုင်ပြီးချိန်တွင် အချိန်က နေ့လည်ခင်းသို့ ရောက်နေချေပြီ။
ချင်းရှင်းတစ်ယောက် ချဥ်စပ်ခေါက်ဆွဲနှင့် သူမဝယ်လာသော အခြားပစ္စည်းအမယ်များကို သတိရသွားပြီး မေ့ကုန်းချင်အား ပြောလိုက်သည်။ “အစ်မမေ့ ညီမ မီးဖိုဆောင်ခဏသုံးမယ်နော်”
“ကြိုက်သလိုသာသုံး” အစ်မမေ့က လက်ဝှေ့ယမ်းပြလိုက်ကာ ဆိုင်စောင့်ရန်အလို့ငှာ အောက်ထပ်သို့ အမြန်ပြန်ဆင်းသွားသည်။ ချင်းရှင်းအနေဖြင့် မီးဖိုဆောင်ငှားပါဟုပြောတိုင်း ထိုသဘောက သူချက်ပြုတ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသည်က ချက်ပြုတ်ရန် အချိန်ကုန်သက်သာသည့်အပြင် ချင်းရှင်းချက်သည့် အစားအသောက်များကလည်း အရသာရှိလေသည်။ ပိုအရေးကြီးသည်မှာ ချင်းရှင်းက မီးဖိုဆောင်အား သုံးပြီးတိုင်း ပြန်ရှင်းပေးသွားခြင်းဖြစ်သည်။
အဲဒီလိုလူမျိုးအား မီးဖိုဆောင်နေ့တိုင်းငှားရမည်ဆိုလျှင်တောင် ပျော်ဖို့ကောင်းပေသည်။
ချင်းရှင်း မီးဖိုဆောင်ဆီ ပြေးသွားလိုက်ပြီး ရေတစ်အိုးတည်လိုက်သည်။ ထို့နောက် ရေစိမ်ထားသော ပဲပိစပ်များကိုရေစစ်ကာ ပဲကြာဇံများကို ဇလုံထဲထည့်၍ ကျိုထားသောရေနွေးဖြင့် စိမ်လိုက်၏။
ချင်းရှင်း မီးဖိုအား မီးမွှေးကာ အိုးထဲရှိ ရေအကျန်များ အငွေ့ပျံကာ ခြောက်သွားအောင်စောင့်လိုက်ပြီး ပဲပိစပ်များကိုထည့်ကာ လှော်လိုက်သည်။
မည်သည့်ဆီမျှမထည့်ပဲ ပဲပိစပ်များကို အိုးထဲတိုက်ရိုက်ထည့်ကာ လှော်လိုက်ခြင်းဖြစ်သည်။ အနံ့မွှေးလာသည်နှင့် ပဲပိစပ်များကို ခပ်လိုက်ပြီး အိုးထဲသို့ဆီထည့်ကာ ခပ်ထားသောပဲပိစပ်များကိုပင် နောက်တစ်ခေါက် ပြန်ကြော်လိုက်သည်။ ဤနည်းဖြင့်ကြော်ထားသော ပဲပိစပ်များက ပိုအနံ့မွှေးကာ အရသာရှိပြီး စားရသည်မှာလည်း ကြွပ်ကြွပ်ရွရွလေးဖြစ်သည်။
ကြော်ထားသောပဲပိစပ်များကို အိုးထဲမှဆယ်ကာ ပလတ်စတစ်ဘူးကြီးတစ်ခုထဲသို့ ချင်းရှင်း ထည့်ထားလိုက်သည်။
ထို့နောက် အိုးကိုဆေးပြီး ရေအေးထည့်ကာ ပြန်တည်လိုက်သည်။ ရေဆူသည်နှင့် စိမ်ထားသောပဲကြာဇံကို ထည့်ကာ အသီးအရွက်များကိုလည်း တစ်ခါတည်းဆေးကြော၍ အိုးထဲတန်းထည့်လိုက်၏။
ပဲကြာဇံနှင့် ဟင်းရွက်စိမ်းများ ကျက်လုကျက်ခင်ဖြစ်လာသောအခါ ပန်းကန်လုံးကြီးတစ်ခုထဲသို့ ချင်းရှင်းခပ်ထားလိုက်သည်။ ထို့နောက် အိုးထဲသို့ရေထပ်ထည့်ကာ တည်လိုက်ပြီး ငရုတ်ဆီအနှစ်၊ ရှာလကာရည်နှင့် ငရုပ်ကောင်းအနည်းငယ် ခပ်လိုက်၏။
ရေဆူလာသည်နှင့် ပဲကြာဇံနှင့် အသီးအရွက်များကို အိုးထဲပြန်ထည့်ကာ သမအောင်မွှေ၍ တစ်ခါသုံးပန်းကန်လုံး လေးလုံးထဲသို့ ခွဲထည့်လိုက်သည်။
မနက်ဖြန်ရောင်းမည့် ချဥ်စပ်ခေါက်ဆွဲကတော့ ယခုလုပ်ထားသည်နှင့် တူမှာမဟုတ်ပေ။ ပဲကြာဇံနှင့် ဟင်းရွက်စိမ်းများကိုပြုတ်ကာ ပန်းကန်လုံးထဲသို့ထည့်ပြီး ငရုတ်ဆီအနှစ်၊ မုန်လာဥနီခြောက်၊ ပဲပိစပ်နှင့် ငရုပ်ကောင်းများကို ပန်းကန်လုံးထဲသို့ တန်းထည့်ရမှာဖြစ်သည်။ ထို့ကြောင့် အရသာက ယခုလိုသေချာချက်ထားသလာက် မကောင်းနိုင်သည်က သဘာဝပင်။ ဆိုင်မှာရောင်းရန်အတွက်တော့ ဖောက်သည်များစားကောင်းစေရန်သာ အတတ်နိုင်ဆုံးကြိုးစားရပေလိမ့်မည်။
မုန်လာဥနီခြောက်များကို အတုံးလေးများတုံးလိုက်ကာ ပဲပိစပ်ကြော်များနှင့်အတူ ချဥ်ဆွဲခေါက်ဆွဲပေါ်တွင် တင်လိုက်ပြီး ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင်များကို အပေါ်မှ ဖြူးလိုက်၏။ ချဥ်စပ်ခေါက်ဆွဲ၏ အရောင်က ချက်ချင်းပင် စားချင်သဖွယ်ဖြစ်သွားတော့သည်။
ချင်းရှင်း ခေါက်ဆွဲပန်းကန်နှစ်ခုကိုယူကာ အောက်ဆင်းလာချိန်တွင် ဟူရှင်းကောတစ်ယောက် အပြင်မှ ပြန်ရောက်ခါစဖြစ်သည်။
ဟူရှင်းကောက ချင်းရှင်းလှမ်းပေးသောပန်းကန်အား ယူလိုက်ပြီး ပျော်ရွှင်စွာဖြင့် “ဝိုး ဒီနေ့ညစာက ခေါက်ဆွဲပါလား”
မေ့ကုန်းချင်လည်း အနည်းငယ် အံ့ဩသွားမိသည်။ ဤရက်တောက်လျှောက် တရုတ်ကော်ပြန့်မုန့်သာ စားနေခဲ့ခြင်းဖြစ်၍ ချင်းရှင်း ယနေ့လည်း တရုတ်ကော်ပြန့်ပဲလုပ်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ ပန်းကန်လုံးထဲမှ အစားအစာအား မေ့ကုန်းချင်တစ်ချက်ကြည့်လိုက်သည်။ ခေါက်ဆွဲသားကြည်ကြည်လေးများ၊ စားချင်စဖွယ် ငရုတ်ဆီအနှစ်အနီရောင်ဖြင့် ဟင်းရည်၊ ကြက်သွန်မြိတ်နှင့် နံနံပင်စိမ်းစိမ်းလေးများ၊ ထို့အပြင် ရွှေညိုရောင်သန်းနေသော ပဲပိစပ်အစေ့လေးများနှင့် မုန့်လာဥနီခြောက်အတုံးလေးများ၏ပုံစံက ချက်ချင်းပင် စားချင်စိတ်ပေါက်သွားစေသည်။ “အရသာရှိလိုက်တာ။ အရမ်းမိုက်တာပဲ။ အရမ်းကောင်းတယ်”
ဟူရှင်းကောက ခေါင်းတဆတ်ဆတ်ညိတ်ရင်း တူကိုကောက်ကိုင်ကာ ပါးစပ်ထဲထိုးထည့်ရင်း ပလုပ်ပလောင်း ပြောလိုက်သည်။ မီးအရှိန်ကို သေချာထိန်းချုပ်ထားသဖြင့် ခေါက်ဆွဲသားက အနေတော်ပင်ဖြစ်ကာ အရမ်းကြီး ပျော့ပြဲမနေပဲ လက်ဖြင့်ဆိတ်လျှင် ခေါက်ဆွဲသားပြတ်ရုံလောက် ဖြစ်သည်။ အရမ်းကြီးလည်း မာဆတ်ဆတ်ဖြစ်မနေသဖြင့် အကြာကြီး ဝါးနေစရာလည်းမလိုချေ။ ငရုတ်ဆီအနှစ်ကလည်း အရမ်းအရသာရှိပြီး ပဲပိစပ်နံ့မွှေးမွှေးလေးနှင့် ပေါင်းလိုက်သောအခါ ခေါက်ဆွဲအရသာက အလွန်ပင်စားကောင်းသွားတော့သည်။
မေ့ကုန်းချင်က ဟူရှင်းကောစားနေသည့်ပုံစံကိုကြည့်ကာ သဘောမကျဟန်ဖြင့် “ဘယ်လိုတွေတောင် အငမ်းမရ စားနေတာလဲ။ တူပြန်ချတာနဲ့ ခေါက်ဆွဲတစ်ပွဲက ဘယ်လောက်မှတောင် မကျန်တော့ဘူး”
ချင်းရှင်း ပဲကြာဇံအများကြီးထည့်ထားသဖြင့် ပန်းကန်တိုင်းက အပြည့်အမောက်ကြီးဖြစ်သည်။ သို့သော်လည်း ချဥ်စပ်ခေါက်ဆွဲ၏ အရသာက အမှန်တစ်ကယ်ပင် အလွန်စားကောင်းနေသဖြင့် ဟူရှင်းကောတစ်ယောက် တရစပ်အမြန်စားမိသွားခြင်းပင်။
မေ့ကုန်းချင်စကားကို ကြားသည်နှင့် ဟူရှင်းကောတစ်ယောက် အရှက်ပြေရယ်လိုက်ပြီး “တစ်ကယ်ကို စားကောင်းလွန်းလို့ပါကွာ”
မေ့ကုန်းချင်က သူ့စကားအတိုင်းလိုက်၍ “စားကောင်းတာက အမှန်ပါ။ ဒါပေမဲ့လည်း ရှင်စားနေတဲ့ပုံစံက နင်သေတော့မယ့်အတိုင်းပဲ” ချင်းရှင်း ပြုံးမိ၏။ သူတို့နှင့် သိတာမကြာသေးသော်လည်း သူမဘာပဲလုပ်လုပ် မေ့ကုန်းချင်နှင့် ဟူရှင်းကောက ယခုလို ပံ့ပိုးပေးစမြဲပင်။ ချင်းရှင်း ဘာမျှထုတ်မပြောသော်လည်း သူတို့ကြင်နာမှုကို သူမစိတ်ထဲတွင် မှတ်သားထားပြီးဖြစ်သည်။
ချင်းရှင်း မီးဖိုဆောင်သို့ပြန်လာကာ ရှင်းလင်းလိုက်သည်ပြီး ခေါက်ဆွဲနှစ်ပန်းကန်အားသယ်၍ တတိယထပ်ဆီ တက်လာခဲ့သည်။ သူမ တစ်ပွဲစားလိုက်ပြီး ကျန်တစ်ပွဲကိုတော့ စားပွဲပေါ် တင်ထားလိုက်ချေသည်။
စနစ်က ပေါ်မလာသေးသဖြင့် ချင်းရှင်း ငွေစာရင်းစတွက်လိုက်သည်။ ဈေးဝယ်သော ကုန်ကျစရိတ်များ ဖယ်လိုက်ပြီးနောက် နောက်ဆုံးတော့ ချင်းရှင်း၏စုဆောင်းငွေမှာ အချိန်တိုလေးအတွင်း ယွမ် ၁၀၀၀၀ ကျော်သွားပြီဖြစ်ပြီး အတိအကျဆိုလျှင် ၁၀၀၂၃ ယွမ်ပင်။
ချင်းရှင်းလည်း ထုံးစံအတိုင်းပင် ပိုက်ဆံများကို အကုန်ထုတ်ကာ အိတ်ထဲထည့်သိမ်းလိုက်ပြီး အနီးရှိမိတ္တူဆိုင်သို့ ဆင်းသွားကာ ရရှိနိုင်သောမုန့်စာရင်းကို ပြန်ပြင်လိုက်၏။
မနက်ဖြန်မှစ၍ တရုတ်ကော်ပြန့်မုန့်ထဲတွင် မိုးခိုသားပါ ထည့်မှာလို့ရတော့မှာဖြစ်ပြီး မိုးခိုသားတစ်ပိုင်းအတွက် ၅၀ဆင့် ထပ်ဆောင်းကျသင့်မှာဖြစ်သည်။ မိုးခိုသား တစ်ပိုင်းပဲဖြစ်ဖြစ် ၂ပိုင်းပဲဖြစ်ဖြစ် ထည့်နိုင်မှာဖြစ်၏။ ထပ်ဆောင်းအနေဖြင့် မုန့်စာရင်းတွင် ချဥ်စပ်ခေါက်ဆွဲတစ်မျိုးလည်း ထပ်တိုးလာသည်။ ချဥ်စပ်ခေါက်ဆွဲအတွက် တန်ဖိုးကိုမူ ချင်းရှင်း တစ်ပန်းကန်လျှင် ခြောက်ယွမ် သတ်မှတ်ထားလိုက်လေသည်။
ချဥ်စပ်ခေါက်ဆွဲထဲကိုတော့ ချင်းရှင်း အချိန်အတိုင်းအတာတစ်ခုအထိ ပစ္စည်းအမယ်အသစ်များ ထပ်ထည့်ရန် စီစဥ်မထားသဖြင့် ခြောက်ယွမ်တစ်မျိုးသာ ရှိ၏။
ပစ္စည်းစာရင်းအသစ်အား သုံးဘီးစက်ဘီးလေး၏ အကာပေါ်တွင် ချိတ်လိုက်ပြီး အစ်မမေ့ထံသွား၍ နောက်နေ့ခေါက်ဆွဲချက်ရန်အတွက် မီးဖိုတစ်ခု၊ သံအိုးတစ်အိုးနှင့် ပဲကြာဇံ တစ်ပုံးသွားဝယ်လိုက်သည်။
ထိုပစ္စည်းများ ဝယ်ယူပြီးချိန်တွင်တော့ ချင်းရှင်းလက်ထဲရှိ စုငွေက ၉၉၁၃ယွမ်သို့ ကျသွားတော့သည်။
မီးဖိုနှစ်ခု ဖြစ်လာပြီဖြစ်၍ ယခင်မီးသွေးနှင့် မလောက်တော့ပေ။ ဟူရှင်းကောက ချင်းရှင်းအား သူမနက်ဖြန်ပြန်လာလျှင် မီးသွေး ၂၀၀ကီလိုဂရမ် ဝယ်လာပေးမည်ဟု အကူအညီကမ်းလှမ်းလိုက်သည်။ ထို့အပြင် ပဲကြာဇံများဝယ်ရန်လည်း သူကူညီပေးဦးမည်ဟု ဆို၏။
ချင်းရှင်း လက်ခံလိုက်ပြီး ပစ္စည်းများကို သေချာနေရာချကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ ထို့နောက် ရေချိုးကာ အိပ်ယာပေါ်လှဲချလိုက်ပြီး နောက်ဆုံး ည ၈နာရီ ၄၀ခန့်ရောက်တော့မှ ရောင်းဝယ်ရေးလွင်ပြင်စနစ် ပေါ်လာလေသည်။
ယနေ့လုပ်သော ချဥ်စပ်ခေါက်ဆွဲက အမှတ်၄မှတ်ထဲရမည်ဟု ချင်းရှင်းမထင်ထားမိချေ။ တွေးကြည့်လိုက်သောအခါ ငရုတ်ဆီအနှစ်ပြဿနာပင် ဖြစ်လိမ့်မည်ဟု ချင်းရှင်းသိလိုက်၏။ စနစ်မှ မြည်းစမ်းမိသော ဆီအရသာပိုကောင်းလေလေ၊ အမှတ်များက ပိုမြင့်လေလေပင်။ ဆီကောင်းကိုလဲယူပြီးနောက်မှာပင် ချင်းရှင်း၌ အမှတ်၁၄မှတ် ရှိနေသေးဆဲဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် ချင်းရှင်းစောစောထကာ ရေနွေးအိုးတည်လိုက်ပြီး ပဲကြာဖံများကို ပုံးကြီးတစ်ပုံးထဲတွင် စိမ်ထားလိုက်၏။ ထို့နောက် ဆလပ်ရွက်၊ ကြက်သွန်မြိတ်၊ နံနံပင်နှင့် မုန်လာဥနီခြောက်များကို ဆေးကြောလှီးဖြတ်ကာ အိမ်မှ စတင်ထွက်ခွာခဲ့လေသည်။
လုယိမင်တစ်ယောက် အလုပ်သို့ မိုးမလင်းမီ ထပ်လာရပြန်သဖြင့် သူ့ရင်ထဲ၌ မကျေနပ်မှုများအပြည့်ဖြစ်နေသော်လည်း ထုတ်တော့မပြောရဲချေ။ အထူးသဖြင့် ကုဝူယွိမှာ ယနေ့လည်း မနက်စာ စားမလာပြန်သဖြင့် ကားမောင်းနေသော လုယိမင်မှာ ကုဝူယွိ နောက်တစ်ကြိမ်ထပ်ပြီး သွေးတွင်းအချိုဓာတ်ကျမှာကို စိုးရိမ်နေမိ၏။
လမ်း၌ မောင်းလာရင်း ချင်းရှင်းအား လုယိမင်လှမ်းမြင်လိုက်သည်။ တရုတ်ကော်ပြန့်ပဲ ဝယ်စားလိုက်ရမလားဟု သူတွေးနေရင်း လှမ်းကြည့်လိုက်ချိန်တွင် ချင်းရှင်း၏ စက်ဘီးလေးပေါ်၌ နောက်ထပ်မီးဖိုတစ်ခုရှိနေကြောင်း လှမ်းမြင်လိုက်ရသည်။
လုယိမင် ကားကို ချင်းရှင်းအနီးသို့ မောင်းသွားလိုက်ပြီး ပြတင်းမှန်ကိုချကာ ချင်းရှင်း၏ စက်ဘီးနှုန်းအတိုင်း ကားကိုအရှိန်လျှော့ချလိုက်သည်။
“မနက်စာ အသစ်တိုးထားတာလား” လုယိမင် လှမ်းမေးလိုက်သည်။
ချင်းရှင်း မုန့်စာရင်းကို လက်ညှိုးထိုးပြလိုက်ပြီး “ဟုတ်တယ် ဒီနေ့ကစပြီး ချဥ်စပ်ခေါက်ဆွဲပါရတော့မှာ”
လုယိမင်မျက်လုံးတို့ တောက်ပသွားသည်။ တရုတ်ကော်ပြန့်အား သူသိပ်မစားချင်ဖြစ်နေသဖြင့် ကံကောင်းစွာပင် မြည်းကြည့်စရာ ချဥ်စပ်ခေါက်ဆွဲရှိနေလေသည်။ ရာသီဥတုကလည်း နည်းနည်းအေးနေသဖြင့် ချဥ်စပ်ခေါက်ဆွဲလေး တစ်ပန်းကန်ဆိုလျှင် ပူပူနွေးနွေးနှင့် နေရထိုင်ရ သက်သောင့်သက်သာ ဖြစ်သွားပေလိမ့်မည်။ နောက်ခုံမှ ကုဝူယွိထံ လှမ်းကြည့်လိုက်ပြီး “ဘော့စ်ရော စားဦးမလား”
ယခုမှသာ နောက်ခုံ၌ လူရှိနေကြောင်း ချင်းရှင်း သတိထားမိသွား၏။ ကားမှန်က အရောင်ပါသဖြင့် ထိုလူ့ပုံစံကို သေချာမမြင်ရပဲ “အင်း” ဟု ပြန်ဖြေသည့်အသံကိုသာ ကြားလိုက်ရချေသည်။
ချင်းရှင်းနှင့် လုယိမင်တို့ စက်ဘီးနှင့် ကားအား ကိုယ်စီအသီးသီးရပ်လိုက်ကြသည်။ ချင်းရှင်းလည်း ပဲကြာဇံ ၂ပွဲစာထုတ်ကာ ညာဘက်ရှိအိုးထဲသို့ ထည့်လိုက်၏။ ကြာဇံများနူးသည်နှင့် တစ်ခါသုံးပန်းကန်လုံးများထဲသို့ ထည့်လိုက်ပြီး ငရုတ်ဆီအနှစ်၊ ကြက်သွန်မြိတ်၊ နံနံပင်နှင့် ပဲပိစပ်ကြော်များ ထည့်လိုက်သည်။ ထို့နောက် နောက်ဆုံးအနေဖြင့် ဟင်းရည်လောင်းထည့်လိုက်လေသည်။
“ရပါပြီ” ချင်းရှင်းပြောလိုက်သည်။
QR code အား လုယိမင် စကန်ဖတ်ကာ ငွေချေလိုက်ပြီး ချဥ်စပ်ခေါက်ဆွဲ ၂ပန်းကန်ကိုယူကာ အဝေးသို့မောင်းထွက်သွားတော့သည်။
ကုဝူယွိထံ တစ်ပွဲလှမ်းပေးပြီးသည်နှင့် ခေါက်ဆွဲအရသာကို လုယိမင် ချက်ချင်းပင် မြည်းကြည့်လိုက်သည်။ အရသာက သာမန်ပင်ဖြစ်၍ အနည်းငယ်စိတ်ပျက်သွားပြီး ပန်းကန်လုံးအား နံဘေးသို့ ချထားလိုက်တော့သည်။
ထင်တဲ့အတိုင်းပဲ အရင်ကော်ပြန့်မုန့် အရသာရှိတာက T မြို့တော်ဈေးကွက်ထဲမှာ ကော်ပြန့်မုန့်ရောင်းတာ သိပ်မရှိတဲ့အပြင် ရှိတဲ့မုန့်တွေကလည်း သိပ်အရသာမကောင်းလို့ကိုး။ ပြီးတော့ သူကိုယ်တိုင်ကလည်း ကော်ပြန့်မုန့်စားခဲလို့ မစားရတာကြာတော့ ချင်းရှင်းမုန့်ကို အရသာရှိတယ် ထင်သွားမိတာပဲ။
ဤချဥ်စပ်ခေါက်ဆွဲမျိုးကတော့ ဘယ်မှာမဆိုရနိုင်လေသည်။ သူကိုယ်တိုင် မီးဖိုဆောင်ဝင်လျှင်တောင် ဤအရသာလောက်ကတော့ ချက်နိုင်သည်ဟု လုယိမင်တွေးလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် တွန်းလှည်းလေးနဲ့ရောင်းတဲ့ မနက်စာပဲလေ။ ဒီလောက်အရသာကောင်းတာတောင် တော်သေးတယ်။ သူ အများကြီး မျှော်လင့်မထားခဲ့သင့်ဟု လုယိမင် ခံစားလိုက်ရသည်။
သို့သော်လည်း ကုဝူယွိတစ်ယောက် ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင်စားပစ်လိမ့်မည်ဟုတော့ သူထင်မထားမိချေ။
အရသာရှိသော တရုတ်ကော်ပြန်မုန့်တစ်ခုလုံး ကုန်အောင်စားနိုင်တာကို သူလက်ခံနိုင်သေး၏။ ဒါပေမဲ့ ဘာမှမထူးခြားတဲ့ ဒီချဥ်စပ်ခေါက်ဆွဲကိုလည်း ကုဝူယွိက ကုန်တာပဲလား။
နောက်ခုံရှိ ကုဝူယွိကမူ ချဥ်စပ်ခေါက်ဆွဲတစ်ပွဲလုံး ကုန်အောင်စားပြီးနောက် အကြောင်းအရာတစ်ခုကို အတည်ပြုနိုင်သွားတော့သည်။
အချိန်အတော်ကြာသည်အထိ လုယိမင် ထိုအကြောင်းကို တွေးကြည့်သော်လည်း နားမလည်နိုင်သဖြင့် နောက်ဆုံးတော့ လက်လျှော့လိုက်ချေသည်။
ချင်းရှင်း ကျောင်းသို့ အမြန်နင်းလာချိန်၌ ကလေးမျက်နှာနှင့် ကောင်မလေးမှာ စောင့်တောင်နေပြီဖြစ်သည်။ ချင်းရှင်းထံတွင် မနက်စာအသစ်တစ်မျိုးရှိကြောင်း တွေ့သည်နှင့် ချက်ချင်းပင် ချဥ်စပ်ခေါက်ဆွဲကို မှာတော့လေသည်။
တစ်လုပ်စားပြီးနောက် ထိုကောင်မလေးက လက်မထောင်ပြလိုက်ပြီး “ချဥ်စပ်ခေါက်ဆွဲကလည်း အရသာရှိတာပဲ။ ကောင်းလိုက်တာ နောက်ဆုံးတော့ ပြောင်းစားလို့ရမယ့် မနက်စာအသစ်တစ်ခုရပြီ” မူလကတော့ သူမအနည်းငယ် ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။ တရုတ်ကော်ပြန့်မုန့်က အရသာရှိပေမယ့်လည်း သူမ နေ့တိုင်းမစားနိုင်ပေ။ ယခုလိုဆိုတော့ တော်သွားသေး၏။ ချဥ်စပ်ခေါက်ဆွဲပါ ရှိလာသဖြင့် သူမ ချင်းရှင်းဆီမှာပဲ မနက်စာဆက်ဝယ်စားနိုင်တော့မှာ ဖြစ်သည်။
ပုံမှန်ဖောက်သည်များစွာမှာ တရုတ်ကော်ပြန့်မုန့်ကိုသာ ဝယ်စားကြဆဲပင်။ ချင်းရှင်းလက်ရာက မဆိုးသော်လည်း ချဥ်စပ်ခေါက်ဆွဲက နေရာမရွေးရနိုင်လေသည်။ ခေါက်ဆွဲထဲမှ ငရုတ်ဆီအနှစ်အရသာက ကောင်းသော်လည်း အံ့အားသင့်ဖွယ် ကောင်းလောက်အောင်တော့ ဟုတ်မနေချေ။
ဤသို့ဖြင့် ညနေခြောက်နာရီထိုးခါနီးအထိပင် ချင်းရှင်း ခေါက်ဆွဲတစ်ပုံး မကုန်ခဲ့ချေ။ အိမ်ပြန်ရောက်သောအခါ ဝယ်သူများ၏ တုန့်ပြန်မှုကို သူမတွေးကြည့်လိုက်သည်။ စနစ်မှလဲရသော ဆီကို ငရုတ်ဆီအနှစ်လုပ်၍ ခေါက်ဆွဲထဲထည့်ကြည့်လျှင် ကောင်းမလားဟု သူမတွေးကြည့်လိုက်၏။ သေချာပေါက် ဈေးနှုန်းကိုတော့ နည်းနည်းမြှင့်ယူရမှာပင်။
သိပ်မကြာမီမှာပင် ချင်းရှင်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။ စနစ်၏ ငရုတ်ဆီအနှစ်ဖြင့် ခေါက်ဆွဲအား တစ်ပွဲလျှင် ၁၀ယွမ်ယူပြီး သာမန်ငရုတ်ဆီအနှစ်ဖြင့် ခေါက်ဆွဲကိုတော့ ၆ယွမ်ယူမည်ဟူ၍ပင်။
ချင်းရှင်း စက်ဘီးအား သန့်ရှင်းရေးလုပ်ကာ ဟူရှင်းကောထံမှ ပစ္စည်းများယူလိုက်သည်။
ဟူရှင်းကောနှင့် မေ့ကုန်းချင်တို့မှာ ပိုပြီးစိတ်မကောင်းဖြစ်နေမိ၏။ ပစ္စည်းခကို ရက်ပိုင်းလောက်ကြာမှ ပေါင်းပေးလည်း ရသည်ဟုတွေးကာ တစ်ရက်တစ်ခါပင် မယူတော့ချေ။ ထို့အပြင် ပစ္စည်းများကိုလည်း ပိုပိုသာသာ ဝယ်လာပေးတတ်၏။
မေ့ကုန်းချင်အတွေးတို့ကို ချင်းရှင်းနားမလည်တော့ပေ။ မီးဖိုဆောင်သို့ရောက်သည်နှင့် ပဲကြာဇံများကို ရေစိမ်လိုက်ပြီး တတိယထပ်သူမအခန်းထဲရှိ စနစ်မှလဲယူထားသော ဆီ ၅၀၀မီလီလီတာကို ငရုတ်ဆီအနှစ်လုပ်ရန် ပြေးယူလိုက်သည်။
ဆီ ၁၀၀မီလီက ငရုတ်ဆီအနှစ်တစ်ပေါင် လုပ်နိုင်သဖြင့် ချင်းရှင်း စုစုပေါင်း ငရုတ်ဆီအနှစ် ၅ပေါင်ရလိုက်ချေသည်။ ဖန်ပုလင်းလေးများက ထည့်နိုင်သောပမာဏ အကန့်အသတ်ရှိသဖြင့် ဖန်ပုလင်းငါးပုလင်းလုံးမှ ဆီနှစ်ပေါင်သာ ဆန့်လေသည်။ ထို့ကြောင့် ကျန်ငရုတ်ဆီအနှစ်များကိုတော့ ဖန်ပုလင်းအရှည်ကြီး တစ်လုံးထဲသို့ ချင်းရှင်းထည့်ထားလိုက်တော့သည်။
ထို့နောက် စနစ်မှဆီဖြင့်လုပ်ထားသော ငရုတ်ဆီအနှစ်ကိုသုံး၍ ခေါက်ဆွဲလေးပွဲလုပ်လိုက်ပြီး မေ့ကုန်းချင်နှင့် ဟူရှင်းကောတို့ထံ ခေါက်ဆွဲသွားပေးချိန်တွင် ညနေ ၆နာရီခွဲပင် ရှိနေလေပြီ။