အပိုင်း(၇၇)
မုန့်ဖုတ်စက်ထဲမှ ကိတ်မုန့်သည်လည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သဖြင့် ချင်းရှင်းက ကိတ်မုန့်ကို မုန့်ဖုတ်စက်ထဲမှ ယူထုတ်လိုက်သည်။
ထို့နောက် အပိုင်း ၁၂ ပိုင်း ခွဲ၍ အလယ်မှ တစ်ဖန် လှီးဖြတ်လိုက်ကာ အပိုင်း ၂၄ ပိုင်း ထပ်တူကျအောင် လှီးလိုက်သည်။
ချင်းရှင်းက ထိုကိတ်မုန့်များ၏ အပေါ်၌ ကောက်ညှင်းမုန့်လုံးကို တင်လိုက်သည်။
ကောက်ညှင်းမုန့်လုံးထဲတွင် စတော်ဘယ်ရီခရင်မ်ကို ဖြည့်ထားသဖြင့် ကောက်ညှင်းမုန့်လုံး၏ အရောင်မှာ ပန်းရောင်ဖျော့ဖျော့ ဖြစ်နေခဲ့သည်။
ချင်းရှင်းက ကောက်ညှင်းမုန့်လုံးကို ထိပ်ပိုင်းမှ ဖြတ်လိုက်ပြီး အပေါ်မှ ခရင်မ်ကို ညှစ်ထည့်လိုက်သည်။
ထို့နောက် ချင်းရှင်းက ထန်မန်ရင်း ဆေးကြောပေးထားသော စတော်ဘယ်ရီသီးများကို အပေါ်ဆုံးတွင်
တင်လိုက်သည်။
ချင်းရှင်းက စတော််ဘယ်ရီကိတ်မုန့် ၂၄ ခုကို ပြင်ဆင်ပြီးနောက် ကိတ်မုန့်နှစ်ခုကို သီးသန့် ဖယ်လိုက်ကာ"ဒီနှစ်ခုက အစ်မထန်နဲ့ အစ်မကုန်းလန်တို့အတွက်" ဟုပြောလိုက်သည်။
ထန်မန်ရင်းက "ကျေးဇူးတင်ပါတယ် ရှောင်ရှင်း" ဟုပြောပြီး မေ့ကုန်းလန်ကလည်း "ငါရှောင်ရှင်း လုပ်ထားတဲ့ အစားအသောက်ကို မစားရတာကြာပြီ၊ အရမ်းလွမ်းနေတာ" ဟုပြောလိုက်သည်။
ထန်မန်ရင်းနှင့် မေ့ကုန်းလန်တို့က စတော်ဘယ်ရီကိတ်မုန့်များကို အပြင်သို့ သယ်ယူလာပေးခဲ့ကြသောအခါ ပရိသတ်များက ချက်ချင်း လာရောက်ကူညီခဲ့ကြသည်။
ချင်းရှင်းကလည်း ကိတ်မုန့်တစ်ခုကို ကိုင်ထားပြီး ပရိသတ်များကြား ဝင်ထိုင်လိုက်ကာ "ကျွန်မက အချိုမုန့် သိပ်မလုပ်ဖူးဘူး။ မြည်းကြည့်ပေးကြပါဦး" ဟုပြောလိုက်သည်။
ချင်းရှင်း၏ ပရိသတ်အများစုက မိန်းကလေးများဖြစ်ကြပြီး မိန်းကလေးအများစုမှာ အချိုပွဲများကို ကြိုက်နှစ်သက်ကြသည်။