V8 Chapter 6

56 5 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 6 - ပါတီည

"ဗီယက်နာစတိုင် ချောကလက်ကိတ်လေးရပါပြီရှင့်။ အားလုံးပဲ သုံးဆောင်ကြပါ။" မက်ဒါနာက အေမီစားပွဲပေါ်တင်ပေးလိုက်တဲ့ ကိတ်မုန့်လေးကိုကြည့်ပြီး
အလိုလိုနေရင်း ဗိုက်ဆာလာတယ်။ အေမီက ဓားတစ်ချောင်းယူပြီး သူတို့အကုန်လုံးအတွက် တစ်ပိုင်းစီပိုင်းပေးတယ်။ မက်ဒါနာအတွက်အပိုင်းက ပိုကြီးတယ်ဆိုပေမယ့်ပေါ့။

"ဆေးဖက်ဝင် ရေနွေးကြမ်းလေးနဲ့တွဲပြီး သုံးဆောင်ပါ။" အေမီက ပြောပြောဆိုဆိုနဲ့ရေနွေးအိုးကိုယူပြီး မက်ဒါနာအတွက် တစ်ခွက်ငှဲ့ပေးလိုက်တယ်။ မက်ဒါနာဘေးမှာရှိနေတဲ့ ဖရာလီတာကလည်း သူ့ခွက်ကို အေမီဆီထိုးပေးလိုက်ပေမဲ့ အေမီက တိုက်ရိုက်ထည့်မပေးဘဲ ရေနွေးအိုးလိုက်ကြီးကိုသာ ဖရာလီတာဆီ ထိုးထည့်ပေးလိုက်တယ်။

ဖရာလီတာကတော့ မျက်နှာကြီးစူပုပ်လို့ပေါ့။ "ကောင်မစုတ်၊ ဘက်လိုက်တာ အသိသာကြီး။"
ဖရာလီတာက သူ့ခွက်ထဲကို ရေနွေးအပြည့်ထည့်ပြီးတဲ့နောက်တော့ ခုံနောက်မှာရပ်နေတဲ့ ဘဏ္ဍာစိုးဝတ်စုံနဲ့ ဖရက်ဆီကို ရေနွေးအိုးထည့်ပေးလိုက်တယ်။ ဖရက်ကတော့ တစ်ကိုယ်ကောင်းမဆန်ဘဲ အားလုံးရဲ့ခွက်တွေထဲကို ရေနွေးလိုက်ဖြည့်ထည့်ပေးတယ်။

"စံပယ်ပန်းရေနွေးကြမ်းလား၊ အနံလေးက ကောင်းသားပဲ။" မက်ဒါနာက ခွေးပေါက်လေးတစ်ကောင်လိုမျိုး အနံခံကြည့်တဲ့နောက် မှတ်ချက်ချလိုက်တယ်။ အဲဒီနောက် ကိတ်မုန့်ကို လက်ဖက်စားဇွန်းနဲ့သေးသေးလေးခွဲ ပါးစပ်ထဲထည့်လိုက်ပြီး ရေနွေးနဲ့မျောချလိုက်တယ်။

"အွန်း၊ လိုက်ဖက်သားပဲ။" မက်ဒါနာက ပြောလိုက်တော့ အေမီက ချက်ချင်းရောက်လာပြီး သူ့ရဲ့ပွဲတော်အပြင်အဆင်အကြောင်းကို ရှင်းပြပါတယ်။

"ပုံမှန်ဆိုရင်တော့ ဗီယက်နာကိတ်က ဘလက်ကော်ဖီ
ခါးခါးနဲ့မှ လိုက်ဖက်တာပါ သခင်မလေး။ ဒါပေမဲ့ ညဖက်ဘလက်ကော်ဖီသောက်ရင် ကဖင်းဓာတ်ကြောင့် မမလေးအိပ်မပျော်မှာစိုးရိမ်တဲ့အတွက် စံပယ်ပန်းရေနွေးနဲ့ အစားထိုးလိုက်တာပါ။"

"အေမီက ငါ့အကြိုက်ကို သိနေတော့တာပဲ။" မက်ဒါနာချီးကျူးတော့ အေမီက မခို့တရို့လေးပြုံးလိုက်ပြီး
'ဟိဟိ'လို့ရယ်ကာ တခြားသူတွေကို လိုက်ကြည့်ပြီး သူတို့တွေရဲ့လူသတ်ချင်နေတဲ့အကြည့်တွေကိုတုံ့ပြန်လိုက်တယ်။

"ပါတီဆိုတော့ ကိတ်မုန့်တစ်မျိုးတည်းစားနေလို့ ဘယ်သင့်တော်ပါ့မလဲ။ အသားလေးဘာလေးလည်း
ပါဦးမှပေါ့။ မက်ဒါနာ၊ နင်လည်း အသားကင်စားချင်တယ်မလား။"

အေမီက မွေးနေ့ပွဲတစ်ခုလုံးရဲ့အာရုံကို လွှမ်းမိုးထားတုန်း နတ်သူငယ်မလေးဖြစ်နေတဲ့ ဆိုဖီယာက ခုံကထလိုက်ပြီး စူပါမားကတ်ကနေဝယ်လာတဲ့ အသားပြားထုပ်ကို ထုတ်လိုက်တယ်။

"စင်္ကါပူကလာတဲ့ ပျားရည်စိမ်ကြက်သားပြားလေ။
သုံးမိနစ်လောက် အပူပေးတာနဲ့ အားလုံးပြီးသွားမှာ။"

ဆိုဖီယာက အထုပ်ကို စားပွဲပေါ်တင်လိုက်ပြီးနောက်
မီးဖိုချောင်ရဲ့နံရံကပ်ဗီရိုထဲက ဂတ်စ်အကင်မီးဖိုသွားယူတယ်။ ဒါပေမဲ့ နတ်သူငယ်မလေးက ပုနေတော့ ခုံခုပြီးယူရတာပေါ့။ ဒါတောင် မမီသေးလို့ ယူဖို့ခက်နေတာနဲ့ စိတ်မရှည်တော့တဲ့အေမီက အနားရောက်လာပြီး ဂတ်စ်မီးဖိုကို ယူပေးရတယ်။

"အကင်ရော ကျွန်မကူကင်ပေးရဦးမလားဟင်။"
အေမီက အပြစ်ကင်းစင်တဲ့ အပြုံးလေးနဲ့မေးလိုက်တာဖြစ်ပေမဲ့ ဆိုဖီယာကတော့ နှုတ်ခမ်းကိုကိုက်ထားလိုက်ပြီး။

"ငါ့ဘာသာကင်တတ်တယ်ဟဲ့။" ဆိုဖီယာက အေမီလက်ထဲကိုင်ထားတဲ့ မီးဖိုကိုအတင်းလုယူပြီး မက်ဒါနာနဲ့အတူသွားထိုင်တယ်။ မက်ဒါနာကလည်း ကိတ်မုန့်စားနေတာ ကုန်သလောက်ရှိပြီမလို့ ပျားရည်ကြက်သားပြားဆီ အကြည့်ရောက်သွားတယ်။ ဆိုဖီယာက ပျားရည်အသားပြားကို သံလွင်ဆီနည်းနည်းသုတ်လိုက်ပြီး အိုးပေါ်တင်ပြီးစကင်တယ်။ မကြာခင်မှာပဲ အမွှေးနံသင်းသင်းလေးထွက်လာရော။

ဖရာလီတာကတော့ လက်ကြီးပိုက်လို့ မျက်လုံးထဲမှာ
အသားပြားတစ်မျိုးတည်းကိုပဲ မြင်နေတော့တဲ့ မက်ဒါနာကို ကြည့်လိုက်တယ်။ "ဒီနေ့က ငါ့မွေးနေ့အတုလို့သာပြောတာ၊ ဘာလို့ မက်ဒါနာရဲ့အာရုံစိုက်မှုကိုရဖို့ အားလုံးက တိုက်ခိုက်နေရတာပါလိမ့်။"

"မက်ဒါနာလေး၊ အာ။" ပထမဆုံးအသားပြားအသင့်ဖြစ်တော့ ဆိုဖီယာက အသားပြားကို ခက်ရင်းနဲ့ယူလိုက်ပြီး မက်ဒါနာကို ခွံကျွေးလိုက်တယ်။ ဒီတစ်ခါတော့ ပေါက်ကွဲနေတာက ဖလေရာပါ။

"အား၊ ငါသည်းမခံနိုင်တော့ဘူး။ အသားပြားအနံက မွှေးနေတာပဲ။" ဖလေရာက ပြောပြောဆိုဆိုနဲ့အကင်ဖိုပေါ်က အသင့်မဖြစ်သေးတဲ့ အသားပြားတွေအကုန်လုံးကို လက်နဲ့ကောက်ကိုင် ပါးစပ်ထဲထိုးထည့်ပစ်လိုက်တယ်။

"နင်ဘာလုပ်လိုက်တာလဲဟဲ့။" အကင်ကင်ပြီး ဂွင်ဖမ်းနေတဲ့ ဆိုဖီယာကတော့ သူ့ပြိုင်ဘက်ရဲ့အကွက်ကြောင့် မျက်လုံးပြူးသွားပြီး မက်ဒါနာကတော့ မျက်ရည်တွေဝိုင်းလာပြီ။ "အရမ်းကောင်းလို့ ငါထပ်စားရမယ်ထင်နေတာကို၊ ဖလေရာမ။ အီးဟီးဟီး...."

ဖလေရာလည်း မက်ဒါနာရဲ့မျက်ရည်တွေဝိုင်းနေတဲ့
မျက်နှာလေးကို ကြည့်လိုက်ပြီးတဲ့နောက် စားပြီးသားတွေအကုန်လုံး အန်ထုတ်ချင်စိတ်ပေါက်သွားတယ်။

"ငါနေလို့မကောင်းတော့ဘူး၊ မကျက်တာတွေစားမိပြီး ရင်ပြည့်သွားတာနေမယ်။ သန့်စင်ခန်းခနသွားဦးမယ်။"

ဖလေရာက မက်ဒါနာနဲ့မျက်နှာချင်းမဆိုင်ရဲတော့တာနဲ့ ဆင်ခြေတွေပေးအကြောင်းပြပြီး အခန်းထဲကနေ ပြေးထွက်သွားတယ်။ ကျန်တဲ့သူတွေကတော့ ရယ်ကျန်နေခဲ့တော့တာပေါ့။ အေမီက သူ့မမလေး စိတ်မကောင်းဖြစ်နေတာကိုမြင်တော့...

"မမလေး မဝသေးဘူးဆိုရင် ကျွန်မဘာဘီကျူ့အစစ်လုပ်ပေးမယ်လေ။"ဆိုပြီး ရေခဲသေတ္တာထဲက အသင့်ဝယ်ထားတဲ့ ဝက်သားတုံးကြီးကို အပိုင်းသေးသေးလေးတွေပိုင်း၊ မဆလာနဲ့ငရုတ်ကောင်းပေါင်းပြီးနှယ်၊ ငရုတ်ပွနဲ့အာလုံးတွေကိုလှီး၊ သီတံနဲ့သီပြီး မက်ဒါနာအတွက် ဘာဘီကျူ့ဝက်သားချောင်းလေးသုံးချောင်း ကင်ပေးလိုက်တယ်။ ကျန်တဲ့သူတွေက မျက်စောင်းထိုးနေကြပေမဲ့ အေမီက ဂရုမစိုက်ဘဲ တစ်ယောက်တည်းအတွက်ပဲ လုပ်ပေးလိုက်တာ။ ပြီးခါမှ မကောင်းတတ်လို့ မွေးနေ့ရှင်ဖရာလီတာအတွက်
တစ်ချောင်းကင်ပေးတယ်။ ဒါလည်း ကျန်တဲ့သူတွေဖို့ မပါပြန်ဘူး။

"ဘာလို့ကျွန်မကို အဲဒီလိုကြည့်နေတာလဲ၊ ဝက်သားက မမလေးမနက်စာအတွက်ပဲ ဝယ်ထားတာလေ။ ရှင်တို့အကုန်လုံး စားလောက်အောင်လို့ အများကြီးကြိုဝယ်ထားတာမှမဟုတ်တာ။" အေမီက ကပ်ကပ်လန်ပြန်ရန်တွေ့တော့ ကျန်တဲ့သူတွေ အကုန်ငြိမ်သွားလေရဲ့။

စားလို့သောက်လို့ပြီးသွားတော့ ရောက်တတ်ရာရာ စကားတွေပြောဖြစ်ကြပြန်ရော။ ဖလေရာက စကားပြောကောင်းတော့ စကားဝိုင်းဦးဆောင်သူဖြစ်နေတယ်။

"အားလုံးပဲ၊ နင်တို့ကြားဖူးကြလား။ ဒီကျောင်းကြီးကို မဆောက်ခင်က ဒီနေရာက သချိုင်းကြီးဖြစ်ခဲ့တာတဲ့။"

ဖရက်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး "မစ်ဖလေရာ၊ နယူးယောက်ဟီးရိုးကျောင်းက ဆောက်တာမကြာသေးပေမဲ့ အရင်က ဆေးရုံအဟောင်းကြီးမဟုတ်လား။ ခင်ဗျားအဖိုးမက်တယ်ပလာဒင်က ဆေးရုံကိုဝယ်ပြီးမှ ဖြိုချပြီး အသစ်ပြန်ဆောက်တာမဟုတ်ဘူးလား။"

ဖရက်က စကားဖြတ်ပြောတဲ့အတွက် ဖလေရာက မကျေမနပ်ဖြစ်သွားပေမဲ့ လက်ကိုပိုက် သူ့ရင်သားတွေကို ပင့်တင်လိုက်ပြီး လေသံမာမာနဲ့ ပြန်ရှင်းပြလိုက်လေရဲ့။

"အင်း၊ အဲဒီဆေးရုံက အစိုးရဆီကနေ မြေငှားပြီးတော့ ဆောက်ထားတာလေ။ အစိုးရက အရင်တုန်းက ဒီနေရာကို မီးသဂြိုဟ်စက်နဲ့သချိုင်းအဖြစ်သုံးခဲ့တာလေ။ အဲဒီမတိုင်ခင်က မိဘမဲ့တွေကိုထားတဲ့ ဘုရားကျောင်းအစုတ်ကြီးတဲ့။ နယူးယောက်မှာ အိုင်းရစ်ရွေ့ပြောင်းလုပ်သားတွေနဲ့လူမည်းတွေ အရေးအခင်းဖြစ်တော့ မီးရှို့ခံလိုက်ရပြီး မိဘမဲ့ကလေးတွေအကုန်လုံး သေကုန်တာတဲ့။"

ဖလေရာက စကားပြောကောင်းတဲ့အပြင် ဒီကျောင်းကို တည်ထောင်ခဲ့တဲ့သူရဲ့မြေးဖြစ်တော့ ကျောင်းရဲ့ရာဇဝင်ကို တခြားသူတွေထပ် ပိုသိနေတာ မထူးဆန်းဘူး။ မက်ဒါနာရဲ့လက်ကို ချိုင်းကြားညှပ်ပြီး ငိုက်နေတဲ့ ဖရာလီတာတောင် ဖလေရာပြောတဲ့ကျောစိမ့်စရာစကားကြောင့် မျက်လုံးတွေပြူးကျယ်ပြီး သေချာနားထောင်နေပြီ။ မက်ဒါနာတောင်မှ ကြောက်လာလို့ ဖရာလီတာနားကို အတင်းတိုးကပ်နေတယ်။

"ဒါပေမဲ့၊ ငါဒီကျောင်းမှာနေတာခြောက်လလောက်ရှိနေပြီ။ တစ်ခါမှ သရဲခြောက်မခံရသေးပါဘူး။ ဟုတ်မှလည်းလုပ်စမ်းပါ။"

မက်ဒါနာက ပြောလိုက်တော့ ဖလေရာက ရယ်လိုက်ပြီး "နင်သရဲခြောက်မခံရဘူးဆိုပေမဲ့ ဒီကျောင်းမှာ သရဲမရှိဘူးလို့ ဆိုလိုတာမှမဟုတ်တာ။ နင့်ကျောင်းက နျူရေဆိုတဲ့ကောင်မလေးကိုမေးကြည့်ဦး။ သူနဲ့သူ့သူငယ်ချင်းတွေ ကျောင်းဘလော့ထောင်ပြီးတော့
ကျောင်းကြီးရဲ့ထူးဆန်းတဲ့အချက်ခုနစ်ချက်ဆိုပြီး သဘာဝလွန်ကိစ္စတွေ တင်တင်နေတာလေ။"

"တကယ်ကြီးလား..."

"တကယ်ပေါ့၊ ငါလည်း အဲဒီထဲကဟာတွေဖတ်ပြီး နင့်တို့ကို ပြောပြနေတာလေ။"

"....." မက်ဒါနာကတော့ ဖလေရာတစ်ယောက် သူသိလို့ပြောနေတာမဟုတ်ဘူးလို့ပြောတော့ မျက်နှာလေးမဲ့ပြီး ဘာပြန်ပြောရမှန်းမသိတော့ဘူး။ လင်ဒါက ကိတ်ကို စိမ်ပြေနပြေစားရင်းကနေ ပြောလိုက်တယ်။

"ငါက နင့်ကိုကိုယ်တိုင်သိလို့ပြောတယ်ထင်နေတာ၊
လက်စသတ်တော့ သူများပြောတာကို မှတ်တမ်းပြုတင်ထားတဲ့ ဝက်ဆိုက်တစ်ခုကဟာကိုဖတ် ပြန်ပြောပြနေတဲ့ တတိယလက်ကြီးပဲကို။"

"ဘာပဲပြောပြော သူတို့ရေးထားတာဟုတ်မဟုတ် စည်ပင်ကိုမေးကြည့်တော့ ဘုရားကျောင်းက တကယ်ရှိခဲ့တာတဲ့။ သူတို့ရေးထားတဲ့အတိုင်းဆိုရင် ဘုရားကျောင်းရှိခဲ့တဲ့ အများသုံးအမျိုးသမီးသန့်စင်ခန်းဘက်မှာ ညဖက်ဆိုရင် အမြဲလိုလိုကလေးတွေရဲ့ရယ်သံ ကြားနေရတာတဲ့။"

"လံကြုပ်ကြီးမှန်းသိပေမဲ့ ငါတို့ကျောင်းမှာဖြစ်နေတာဆိုပြီးရေးထားတော့ နားထောင်ရတာတစ်မျိုးကြီးပဲ။" မက်ဒါနာက ပြောလိုက်တယ်။ အေမီလည်း အနားလာထိုင်ရင်း ခေါင်းညိတ်ပြတယ်။

"နောက်ပြီးတော့ ဘုရားကျောင်းနေရာမှာလာဆောက်တဲ့ ဆေးရုံကြီးကလည်း ပိတ်လိုက်ရတာ စိတ္တဇလူသတ်သမားဆရာဝန်တစ်ယောက်ကြောင့်ဆိုလား။" ဖလေရာကတော့ ကျန်တဲ့သူတွေမျက်လုံးထဲက အကြောက်တရားကို အာရုံခံမိလိုက်ပြီး အပြုံးလေးနဲ့ ဆက်ပြောနေတယ်။

"သူ့ကိုဖမ်းမိတော့ ကလေးအယောက်နှစ်ဆယ်လောက်ကို သတ်ပြီးပြီတဲ့။ အကုန်လုံးရဲ့ခန္ဓာကိုယ်ကို
တစ်စစီဆွဲဖြုတ်ပြီး ရုပ်သေးတွေလို ပြန်တပ်ထားတာတဲ့ ကြောက်စရာကြီး။ ခုထိလည်း ဆေးရုံရင်ခွဲရုံရှိတဲ့ သိပ္ပံစမ်းသပ်ခန်းနားမှာ ဝက်ဝံရုပ်ပိုက်ထားတဲ့ ကလေးမလေးတစ်ယောက် လျှောက်သွားနေတယ်လို့ ရေးထားတယ်။"

ဒီစကားကိုကြားတော့ မက်ဒါနာနဲ့ဖရာလီတာတို့တွေ
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြလေရဲ့။ "အဲဒါက နင့်စမ်းသပ်ခန်းထဲက ဇွန်ဘီမလေးမဟုတ်လား။ နင့်ကျောင်းသားတစ်ယောက်ယောက်
သူ့ကိုမြင်သွားပြီး သေလောက်အောင်လန့်လို့ စာထဲထည့်ရေးထားတာနေမှာ။"

"ရယ်ရတယ်ဟယ် အလကားဟာတွေ။"

"ဒါပေမဲ့၊ ရေးထားတဲ့အထဲက သရဲမလေးက ဇွန်ဘီမလေးမဟုတ်ဘဲ တခြားကလေးသရဲဖြစ်နေရင်ရော။"

မက်ဒါနာက ရုတ်တရက်ကြီးထပြောလိုက်တော့ ဖရာလီတာအရယ်ရပ်သွားတယ်။ မျက်လုံးကြီးပြူးကြောင်နေပြီး ဘာစကားမှမပြောတော့ဘဲ အခန်းရဲ့ပြတင်းပေါက်အပြင်ဘက်က အမှောင်ထုကိုကြည့်လိုက်တယ်။

"ဝေ့၊ မက်ဒါနာ ဘာကြောင့်မှန်းမသိဘဲ အပြင်ဘက်က တအားမှောင်နေသလိုပဲနော်။"

"စင်္ကြန်လမ်းပေါ်က မီးလုံးတစ်လုံးကျွမ်းထားလို့လေ။ ဘာမှမဖြစ်ပါဘူး။ နင်ကြောက်လို့လား။"

"ဘာကြောက်စရာရှိလို့လဲ၊ ငါက S rankလေ။ ငါ့ကိုလာခြောက်ရဲတဲ့သရဲကို ပြန်ဆော်လွှတ်မှာပေါ့။"

ဖရာလီတာက ဘုကလန့်ပြန်ပြောလို့ စကားစပြတ်သွားတယ်။ အေမီကတော့ ဖုန်တက်နေတဲ့ ဖန်မလီဂိမ်းစက်လေးကိုထုတ်လာပြီး အခန်းထဲက တီဗီနဲ့ချိတ်လိုက်တယ်။

"မမလေးတို့၊ အချိန်ရှိတုန်း ဂိမ်းအတူတူကစားကြမလား။"

မက်ဒါနာလည်း နာရီမော့ကြည့်လိုက်တော့ ကိုးနာရီပဲ
ရှိသေးတာတွေ့တာနဲ့ ခေါင်းညိတ်လိုက်ပြီး "ကစားကြမယ်လေ။"လို့ ပြောလိုက်တယ်။ ဆိုဖီယာကတော့ ပထမဆုံးဆော့ရမယ့်အတွဲကိုဆုံးဖြတ်ဖို့ စက္ကူမဲလိပ်လေးတွေလုပ်ပေးပြီး နှိုက်လိုက်တော့ ဖရက်နဲ့လင်ဒါက ပထမဆုံးဆော့ရမယ့်သူတွေဖြစ်နေတယ်။

ဖရက်က ဘောလုံးဂိမ်းရွေးလိုက်ပြီး ဘောလုံးရဲ့စည်းမျဥ်းစည်းကမ်းတွေတောင်မသိတဲ့ လင်ဒါကို ဂိုးပြတ်အနိုင်ယူတော့တာပဲ။ နောက်တစ်လှည့်ကျတာက မက်ဒါနာနဲ့ဆိုဖီယာ။ နှစ်ယောက်က လက်ဝှေ့ဂိမ်းရွေးလိုက်ပြီး သရေကျသွားတယ်။ မက်ဒါနာက ဆိုဖီယာရဲ့အကွက်တွေကို သူ့ဉာဏ်နဲ့လိုက်ခန့်မှန်းနေပြီး ဆိုဖီယာကကျ မက်ဒါနာရဲ့အကွက်တွေကို စိတ်လိုက်ဖတ်နေခဲ့တာကိုး။ ဖရာလီတာနဲ့ဖလေရာက မြေခွေးကားမောင်းပြိုင်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်
မကောင်းကြံနေတာနဲ့တင် NPC တွေပန်းဝင်သွားပြီး သူတို့ကားတွေကတော့ အချိန်ပြည့်လို့ ထပေါက်ကွဲကုန်တယ်။ အေမီကတော့ သူတို့နဲ့ဂိမ်းကစားဖို့သိပ်စိတ်မဝင်စားဘူး။ အဲဒီအစား မက်ဒါနာရဲ့မနက်စာအတွက်ဆိုပြီး ကြိုပြင်ဆင်နေတယ်။

မက်ဒါနာနာရီပြန်ကြည့်မိတော့ ဆယ့်နှစ်နာရီခွဲနေပြီ။
"ဒုက္ခပဲ၊ မနက်စာသင်ရဦးမှာမလား။ အေမီရေ၊ အိပ်ဖို့အချိန်ရောက်နေပြီ။"

"ဟုတ်မမလေး၊ ကျွန်မလက်ဆေးပြီးရင် အတူပြန်ကြမယ်လေ။" အေမီက အရင်ဆုံး စားစရာတွေကိုရေခဲသေတ္တာထဲထည့်ပြီး လက်ဆေးတယ်။ ပြီးမှ အတူပြန်ကြတယ်။ အခန်းထဲကထွက်လာတော့ ကျန်တဲ့သူတွေလည်း ကိုယ့်အခန်းကိုယ်ပြန်ဖို့ လုပ်နေကြပြီ။

....

ဒေါက်... ဒေါက်.... ဒေါက်....

မက်ဒါနာ အိပ်ဖို့လုပ်နေတဲ့အချိန် အပြင်ကနေ တံခါးခေါက်သံထွက်လာလို့ အေမီသွားတံခါးဖွင့်တော့ ညအိပ်ဝတ်စုံပန်းရောင်လေးပေါ်မှာ ခရစ်စမတ်ဦးထုပ်ဆောင်းထားတဲ့ ဖရာလီတာက ဖက်လုံးနဲ့ခေါင်းအုံးလေးကိုင်ပြီး မျက်နှာငယ်လေးနဲ့လာရပ်နေတာ တွေ့လိုက်ရတယ်။

"မမလေးရေ၊ ဒီမှာဖရာလီတာရောက်နေတယ်။" အေမီပြောလို့ သွားကြည့်တော့ မက်ဒါနာဖရာလီတာကို တွေ့လိုက်ရပြီ။ "အို့၊ နင်ငါနဲ့လာအိပ်မလို့လား။ ငါ့အခန်းမှာ တစ်ယောက်အိပ်ကုတင်ပဲရှိတာနော်။ ကိုယ့်အခန်းမှာကိုယ် အိပ်လို့မရဘူးလား။"

အရင်ကတည်းက ဖရာလီတာက ကလေးဆိုးမလေးလိုမျိုး အတူတူအိပ်ဖို့အတွက် အမြဲတစေဖိအားပေးတတ်ပြီး မက်ဒါနာကလည်းအလိုလိုက်ပေးဖူးတယ်။ အခုကျ ကလေးမက ကြီးလာပြီမလို့ တစ်ယောက်အိပ်ကုတင်ပေါ်မှာအတူအိပ်ရင် တော်တော်ကျပ်နေမှာမလို့ အခုလိုပြောလိုက်တာ။

ဖရာလီတာကတော့ သူ့လက်ညိုးလေးနှစ်ချောင်းကို တစ်ခုနဲ့တစ်ခုထိပြီးတော့ ခေါင်းလေးငုံ ရှက်ရှက်နဲ့ ပြောလိုက်ပါတယ်။ "တကယ်တော့ ငါ့ဘာသာတစ်ယောက်တည်း ကြိုးစားအိပ်မလို့ပါပဲဟာ။ ဒါပေမဲ့လေ..."

"ဒါပေမဲ့ ဘာဖြစ်လို့လဲ။" မက်ဒါနာမေးလိုက်တော့ ဖရာလီတာ ပိုရှက်သွားတယ်။ သူအားတင်းပြီးရှင်းပြမှ အကြောင်းစုံသိရပါလေရော။

"တကယ်တော့ ဖလေရာပြောတဲ့ သရဲပုံပြင်တွေကို နားထောင်ပြီး ငါ့ခေါင်းထဲက ထုတ်မရဖြစ်နေတာဟ။
ပြတင်းပေါက်ကနေ သူပြောတဲ့ ဝက်ဝံရုပ်နဲ့ကလေးမလာပြီးချောင်းကြည့်နေမလားဆိုပြီး ငါခဏခဏအပြင်ကို လှမ်းကြည့်မိပေမဲ့ ငါ့အခန်းရှေ့စင်္ကြန်လမ်းပေါ်က မီးလုံးက ကျွမ်းနေတာဟ။"

"ဒီတော့ အမှောင်ကြောက်လို့ နင်ကြောက်ပြီး ငါ့ဆီပြေးလာတာပေါ့။"

"အွန်း၊ ငါ့အခန်းထဲမှာ လင်းနေပေမဲ့ အဖော်မရှိဘူးလေ။ ဒရုန်းဇုန်ကလည်း ဆိပ်ကမ်းမှာ သင်္ဘောစောင့်ဖို့ ကျန်ခဲ့တာဆိုတော့။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဝင်ခဲ့။" မက်ဒါနာက ဖရာလီတာကို ဝင်ခိုင်းလိုက်ပေမဲ့ အေမီကတော့ သိပ်ပြီး
သဘောတူချင်ပုံမရ။

"မမလေး၊ အဲဒီဟာမလေးက မမလေးနဲ့အတူအိပ်နေရင်းကနေ အခွင့်ကောင်းယူသွားရင်ရော ဘယ်လိုလုပ်မလဲ။"

"နင်ဘာမှပူမနေနဲ့၊ အရင်ကလည်း ငါတို့အတူအိပ်နေကျ။ ဟုတ်ပြီလား၊ တံခါးသာ ပြန်ပိတ်ခဲ့။"

မက်ဒါနာနဲ့ဖရာလီတာက ပြောပြောဆိုဆိုနဲ့ဝင်သွားပြီး တစ်ယောက်အိပ်အိပ်ရာကို နှစ်ယောက်အိပ်လို့ရအောင် နည်းနည်းပြင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တံခါးပိတ်ဖို့လုပ်နေတုန်းမှာပဲ ဆိုဖီယာက
ခေါင်းအုံးဖက်လုံးအပြည့်အစုံပိုက်လာပြီး လှစ်ခနဲပြေးဝင်လာရော။

"နင်တို့အတူအိပ်ကြမလို့လား၊ ငါလည်းအတူပါမယ်လေ။"

"မစ်ဆိုဖီယာ၊ သခင်မလေးအခန်းက ရှင်တို့အတွက် ဟိုတယ်ခန်းမဟုတ်ဘူးလေ။"

အေမီက သည်းမခံနိုင်ဘဲတားဖို့လုပ်တော့ ဆိုဖီယာက အေမီကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေက စိမ်းလဲ့သွားတယ်။ "နှုတ်ပိတ်စေ။" ဆိုဖီယာပြောလိုက်ပြီးတဲ့နောက် အေမီရဲ့ပါးစပ်က ကော်နဲ့ကပ်ထားသလိုခွာမရဖြစ်သွားပြီး အေမီတစ်ယောက်ဒေါသထွက်လွန်းလို့ အခန်းထဲရှိသမျှအကုန် ရိုက်ခွဲမိလုနီးပါးပဲ။

"ဖရာလီတာမ၊ နင်တစ်ယောက်တည်း မက်ဒါနာကို အပိုင်စီးလို့ရမယ်မထင်နဲ့။ သူ့ကို ငါအရင်ပိုင်တာဟဲ့။"

"....." မက်ဒါနာတော့ ဒီလူတွေ ဘာတွေဖြစ်နေမှန်း မသိတော့ဘူး။ ပိုဆိုတာက ဆိုဖီယာရောက်လာပြီးမကြာခင်မှာပဲ ဖလေရာ၊ လင်ဒါနဲ့ ဖရက်တို့ပါ အိပ်ရာတွေဆွဲပြီး ရောက်လာတော့တာပဲ။

"နင်တို့တွေ တစ်ခန်းတည်းအတူတူစုအိပ်ကြမလို့လား၊ ဘာလို့ငါတို့ကိုပါမခေါ်တာလဲ။" လင်ဒါနဲ့ဖလေရာက ဟန်ဆောင်ထားတဲ့အပြုံးတွေနဲ့ ပြောလိုက်ကြတယ်။ ဖရက်ကတော့...

"ဒီကအမျိုးသမီးတွေ အခန်းထဲကနေ အိပ်ရာတွေယူပြီးထွက်ပြေးလာကြလို့ မင်းသမီးလေးကိုတစ်ခုခုလုပ်မှာ စိတ်ပူတာနဲ့ အပြေးလိုက်လာတာပါ၊ တစ်ညလုံး အိပ်ဖန်စောင့်ပေးဖို့ အသင့်ရှိကြောင်းပါ။"

မက်ဒါနာလည်း အခန်းထဲမှာ စုဝေးနေကြတဲ့ လူအုပ်ကြီးကို ကြည့်နေရင်းကနေ သက်ပြင်းရှည်ကြီးချမိလိုက်လေရဲ့။ ကြည့်ရတာ ဒီဟာတွေကို မောင်းထုတ်လို့ရမယ့်ပုံမပေါ်ဘူး။

"ဟင်း၊ အေမီရေ။ ငါ့ကုတင်ကို ခေါက်ပြီးနံရံမှာသာ ကပ်ထားလိုက်စမ်းပါ။ ဒီနေ့ညတော့ ကြမ်းပြင်မှာပဲ မွေ့ရာခင်းပြီး အိပ်ကြတာပေါ့။"

အေမီက စကားပြောချင်ပေမဲ့ ပြောမရဖြစ်နေတာမလို့ ဆိုဖီယာကို အငြိုးတကြီးကြည့်လိုက်ပြီး မက်ဒါနာကို ခေါင်းညိတ်ပြတယ်။ နောက်တော့ မက်ဒါနာရဲ့ခေါက်ကုတင်ကို ခေါက်ပြီးနံရံနဲ့ကပ်လိုက်ပြီး မွေ့ရာကို ကြမ်းပြင်မှာခင်းလိုက်တယ်။ ကျန်တဲ့သူတွေပါ သူတို့အခန်းသူတို့ပြန်ပြီး သူတို့အိပ်ရာခင်းမွေ့ရာတွေယူလာတယ်။ ဒီလိုနဲ့စုပေါင်းစပ်ပေါင်းခင်းပြီးတော့ အခန်းကျဥ်းလေးတစ်ခုတည်းမှာ သူတို့ခြောက်ဦးလုံးလုပ်ဖို့ နေရာရသွားတယ်။

"မင်းသမီးလေး စိတ်မရှိရင် ကျွန်တော်အခန်းအပြင်မှာ စောင့်ပါ့မယ်။" ဖရက်က ပြောလိုက်ပေမဲ့ မက်ဒါနာက သက်ပြင်းချပြီး "မနက်နင်လည်း စာသင်ရမှာမဟုတ်လား။ အခန်းထဲမှာ မွေ့ရာခင်းပြီးအိပ်လို့ကိစ္စမရှိပါဘူး။"

"ဟုတ်ကဲ့ မင်းသမီးလေး။" ဒီလိုနဲ့ဖရက်လည်း အခန်းထောင့်တစ်နေရာမှာ သူကိုယ်တိုင်အတွက် အိပ်ရာခင်းလိုက်တယ်။ မက်ဒါနာ သူ့အိပ်ရာမှာဝင်လှဲတော့ သူ့အိပ်ရာက အကုန်လုံးရဲ့အလယ်မှာရောက်နေမှန်း တွေ့လိုက်ရော။ 'မတော်ငါ့ကိုညဖက်ဝိုင်းလုရင်ဒုက္ခ'ဆိုပြီး တွေးလိုက်မိပေမဲ့ အိပ်ချင်နေပြီဖြစ်လို့ "ကောင်းသောညပါ။"လို့ပြောပြီးတော့ မျက်လုံးကို မှိတ်ထားလိုက်တော့တယ်။





















I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now