V8 Chapter 13

51 6 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 13 - ရည်းစားကြောက် အီဗန်

ဒီနေ့တော့ စမ်းသပ်ခန်းထဲမှာ လူပြန်စုဖြစ်ကြတယ်။
ခါတိုင်းရှိနေတဲ့သူတွေမရှိပေမဲ့ လူသစ်တချို့လည်း
တိုးလာပါတယ်။ မက်ဒါနာက အခန်းထဲမှာရှိနေသူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။

ဖလေရာ၊ ဆိုဖီယာ၊ ဖရန့်၊ ဓားနတ်ဆိုး၊ လီနာ၊ အေမီ၊ ဇွန်ဘီမလေး တို့ အခန်းထဲမှာရှိနေကြတယ်။ မက်ဒါနာ အလိုလိုနေရင်း သက်ပြင်းချလိုက်မိတယ်။ အနားနားမှာ ရှိနေကျသူတွေ မရှိတော့တာ တကယ့်ကိုစိတ်မကောင်းစရာပဲ။ မက်ဒါနာက ဓားနတ်ဆိုးကို ကြည့်လိုက်ပြီးမေးပါတယ်။

"ဒီတော့ ရှင့်ရဲ့လက်စားချေမယ်ဆိုတဲ့ ကိစ္စကြီးပြီးသွားပြီလား။"

ဓားနတ်ဆိုးက ခေါင်းညိတ်လိုက်တယ်။ လုံခြုံတဲ့ အခန်းထဲမှာဖြစ်ပေမဲ့ ကျောမှာတော့ ဒူရမ်ဒဲလ်ဓားကိုပိုးထားတုန်းပဲ။ "အစကတော့ အဖိုးကြီးလူဝီကို သူ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်တာ ပြမလို့လဲ။ ဒါပေမဲ့ မင်းက အကူအညီလိုတယ်ဆိုတော့ သူ့ကိုအရင်ကိစ္စဖြတ်လို​က်ရတယ်လေ။"

မက်ဒါနာက ဓားနတ်ဆိုးရဲ့ကိစ္စတွေကို နားမလည်တဲ့အတွက် ဖလေရာကိုကြည့်လိုက်တော့ ဖလေရာက ရှင်းပြပါတယ်။ "သူတပ်ထဲမှာရှိနေတုန်းက သူ့မျက်လုံးကိုကန်းအောင် နောက်ကွယ်ကနေပြီး ကြိုးကိုင်ခဲ့တဲ့သူတွေလေ။"

"နားလည်ပြီ။" မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် လောလောဆယ် ဓားနတ်ဆိုးက သူ့ရန်ငြိုးတွေကို ဖြေရှင်းပြီးပြီဖြစ်လို့ အရေးမကြီးတော့ပါဘူး။ အခုအရေးကြီးတာက လော့ဟက်မာတင်ကို ဖောက်ဝင်ဖို့ပါ။ မက်ဒါနာက လိပ်နက်ကို ကြည့်လိုက်တယ်။

"ရှင်ရော လိပ်ပုံစံကို ထိန်းချုပ်နိုင်ပြီလား။" ဖရန့်က ဒီမေးခွန်းကြောင့် ခနငိုင်သွားပြီးမှ ပြန်ဖြေပါတယ်။ "လိပ်တစ်ဝက်ပုံစံကို အရင်ကထက်တော့ အချိန်ပိုကြာကြာ ထိန်းချုပ်နိုင်လာပြီ။ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို ကောင်းကောင်းထိန်းထားနိုင်လိမ့်မယ်လို့ ငါ​ယုံကြည်တယ်။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now