V9 C15

55 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 15 - စိတ်ထောင်ချောက်


 စိတ်ပေါက်ပေါက်နဲ့ထွက်လာပြီး နာရီအတော်ကြာတဲ့နောက်မှာတော့ လီဆာက မြို့ငယ်လေးတစ်ခုမှာ ဆင်းသက်ခဲ့တယ်။ အနက်ရောင်ခံစစ်လိုင်းကို သူကျော်လာခဲ့တာကြာပြီ။ အခုက လုံးဝကို ရန်သူနယ်မြေထဲမှာပါ။ ဒါပေမဲ့ လီဆာက သူ့ကိုယ်သူယုံကြည်မှုရှိနေတယ်။

 "ဒီမြို့က တစ်ခုခုမှားနေသလိုပဲ။ မီးတွေထွန်းထားပေမဲ့ လူတစ်ယောက်မှရှိမနေဘူး။"

 လီဆာက နဂါးတစ်ဝက်ပုံစံကို ဆက်ထိန်းထားရင်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ ညပိုင်းဖြစ်တာမလို့ တစ်မြို့လုံးမီးတွေလင်းထိန်နေအောင် ထွန်းထားတာ သိပ်တော့မထူးဆန်းဘူး။ ထူးဆန်းတာက ဒီနေရာဟာ ပိုးကောင်တွေသာ ရှိနေသင့်တဲ့ နောက်တန်းနေရာတစ်ခုပါ။

 "လူလည်းမရှိသလို ပိုးကောင်လည်းမရှိဘူး။ ထူးဆန်းလိုက်တာ။"

 လီဆာက သတိရှိရှိနဲ့ လမ်းပေါ်မှာဆက်လျှောက်တယ်။ လမ်းတွေပေါ်မှာ ကားအသွားအလာလုံးဝမရှိဘူး။ ညကောင်းကင်ပေါ်က လဟာ မြို့အနှံထွန်းထားတဲ့ မီးအလင်းရောင်တွေကြောင့် မှေးမှိန်နေတယ်။ အိမ်တွေထဲကို လှမ်းကြည့်ရင်လည်း လှုပ်ရှားမှုမရှိဘူး။ ဒါပေမဲ့ အခန်းတိုင်း မီးအပြည့်ထွန်းထားတာပါ။ မှောင်မိုက်နေတဲ့ နေရာမျိုးမဟုတ်ပေမဲ့ လူမရှိဘဲ မီးတွေလင်းထိန်နေတာက တစ်မျိုးကျက်သီးထဖို့ကောင်းနေတယ်။

 "သေခြင်းတရားအငွေ့အသက်" လမ်းဆုံတစ်နေရာကိုရောက်တော့ လီဆာက မျက်မှောင်ကြုတ်လိုက်ပြီး မြေပြင်ကို ခြေထောက်နဲ့ဆောင့်ကန်ကာ အပေါ်ကိုခုန်တက်လိုက်တယ်။ ပြန်ပြီးငုံကြည့်တော့ ဓားခုတ်ကောင်တစ်ကောင်ရောက်နေပြီး သူ့ရဲ့လည်ပင်းရှိနေခဲ့တဲ့နေရာက လက်နဲ့ခုတ်ပိုင်းလျက်သားပုံစံတွေ့ရတယ်။

 "ထင်ထားတဲ့အတိုင်းပဲ ဒီနေရာမှာ ဖုတ်ကောင်တွေရှိနေတာပဲ။" လီဆာက လေထုထဲမှာတင် ကိုယ်နေဟန်ထားပြောင်းလိုက်ပြီး ဓားခုတ်ကောင်ရဲ့ခေါင်းကိုအမြီးနဲ့ရိုက်ချပစ်လိုက်တယ်။ ဓားခုတ်ကောင်က နေရာကနေ လွင့်ထွက်သွားပြီး အိမ်တစ်လုံးကိုဝင်တိုက်ကာ ပြန်ထမလာတော့ဘူး။ ရုန်းကန်နေသေးပေမဲ့ လီဆာရဲ့ရိုက်ချကြောင့် ကျောရိုးနဲ့ခေါင်းက ဆိုးဆိုးဝါးဝါးပျက်စီးနေပြီးပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now