ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 18 - ဘာရွန်
အပေါ်မှာတိုက်ခိုက်နေရင်းနဲ့ သိလာရတာကတော့ လက်ရှိအချိန်မှာ သူတို့တွေပိုစွမ်းအားထက်လာတာတောင် ယင်ကောင်နဲ့ယှဥ်ဖို့လိုနေသေးတယ်ဆိုတာပဲ။
ဧရာမယင်မည်းကောင်ကြီးက တစ်နေရာကနေတစ်နေရာကို အသံမြန်နှုန်းနဲ့ ကူးသန်းနေတယ်။ အရိပ်တစ်ခုလို့ပဲ သူတို့မြင်နေရပြီးတော့ ရန်သူတိုက်ကွက်မထိအောင်ကာကွယ်ဖို့ အသည်းအသန်လုပ်နေရတယ်။
ဖရာလီတာက ရန်သူ့တိုက်ကွက်တွေကို စနစ်တကျ မခုခံနိုင်တော့တဲ့အဆုံး စွမ်းအင်ဒိုင်းအလွှာတစ်ခုကို ထုတ်ဖော်ပြီးတော့ ဆိုဖီယာနဲ့သူ့ကိုယ်သူကာကွယ်လိုက်တယ်။
“သူ့ကိုအနိုင်ယူနိုင်မယ့် နည်းလမ်းကိုရှာမရရင် ငါတို့တွေ ဆက်ပြီးတောင့်ခံနိုင်တော့မှာမဟုတ်ဘူး။” ဖရာလီတာက ဒိုင်းကိုဆက်ထိန်းထားရင်းနဲ့ ပြောလိုက်ပါတယ်။ ဆိုဖီယာကလည်း ခေါင်းညိတ်လိုက်တယ်။ အခုယင်ကောင်က ဖရာလီတာဖော်ထုတ်ထားတဲ့ အလင်းဒြပ်စင်စွမ်းအင်ဒိုင်းလွှာကို အပြင်ကနေထုရိုက်ပြီး ဖွင့်ထုတ်ဖို့ကြိုးစားနေတယ်။ ဒိုင်းလွှာရဲ့အလင်းတန်းတွေက ဆက်တိုက်လှုပ်ခါနေပြီးတော့ အချိန်မရွေးပြိုကွဲတော့မလိုပဲ။
ဘုန်း...
ယင်ကောင်က အဝေးကြီးကိုပျံထွက်လာပြီး အဟုန်နဲ့ပြေးဝင်လာတယ်။ သူ့လက်ချောင်းတွေက ဒိုင်းပေါ်ကျဆင်းသွားပြီး အလင်းဒိုင်းက တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားပြီ။
“သေစမ်း...” ဖရာလီတာ ရေရွတ်လိုက်မိတယ်။ နောက်တစ်ခနမှာတော့ သူ့ရဲ့ဝါးဖရိန်က လေထုထဲမှာ မျောလွင့်နေပြီဖြစ်ပြီး ယင်ကောင်က ဝါးဖရိန်လည်ပင်းကို ဆုပ်ကိုင်ထားတယ်။
ဝုန်း.... ဝေါ...ဖလော...
ဝါးဖရိန်ရဲ့ယင်ကောင်က တိုက်ခိုက်နေရင်းကနေ အထပ်မြင့်တိုက်ကြီးတစ်ခုကို ဝင်တိုက်မိတယ်။ သူတို့ခန္ဓာကိုယ်တွေက တိုက်ကြီးကိုချက်ချင်းဖောက်ထွက်သွားပြီး တိုက်ကြီးက တိအိအိပြိုလဲကျလာပါတော့တယ်။ ဆိုဖီယာကတော့ နောက်ကလိုက်လာပြီး
အဲဒီတိုက်ကိုဝင်ထိန်းထားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ တိုက်ထဲကလူတွေနဲ့ အနီးအနားကလူတွေကို စိတ်စွမ်းအားနဲ့ အဝေးကိုပစ်ထုတ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ ဆက်တိုက်အတိုက်ခိုက်ခံနေတဲ့ ဝါးဖရိန်ကိုကြည့်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာပါပြီ။
“မြို့ထဲကလူတွေကို အမြန်ပြောင်းရွေ့ပေးမှဖြစ်မယ်။ မဟုတ်ရင် ငါတို့တိုက်ပွဲကြောင့် အကုန်သေကုန်လိမ့်မယ်။” ဆိုဖီယာက စိတ်ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ပေါ်ကို ပျံတက်လိုက်တယ်။ သူ့ကိုယ်တစ်ခုလုံးကို အစိမ်းရောင်စိတ်စွမ်းအင်အလွှာတစ်ခုက ဖုံးအုပ်သွားပြီး လက်ညိုးညွန်လိုက်တာနဲ့တစ်မြို့လုံးက လူသားတွေကိုလည်း အစိမ်းရောင်စွမ်းအင်လှိုင်းက ဖုံးအုပ်သွားတယ်။
“မျောလွင့်စမ်း...” ဆိုဖီယာက သဘာဝတရားကြီးကို အမိန့်ပေးလိုက်တာနဲ့ လူတွေအားလုံး လေထုထဲကို မြောက်တက်လာတယ်။ ထောင်နဲ့သောင်းနဲ့ချီတဲ့သူတွေက လေထဲမြောက်တတ်လာတာဖြစ်ပြီး အံ့မခန်းမြင်ကွင်းတစ်ခုပါ။ နောက်တော့ ဆိုဖီယာက သူတို့ကို လက်နဲ့ယက်ထုတ်လိုက်တယ်။ လူသားတွေက ဧရာမလေဆင်နှာမောင်းကြီးတစ်ခုတည်း ပါသွားသလိုမျိုး တစ်ခါတည်းမြို့အပြင်ကို လွင့်စင်သွားတယ်။
....
ဆိုဖီယာ လူတွေကိုရွေ့ပြောင်းဖို့လုပ်နေတဲ့အချိန်မှာတော့ ဖရာလီတာက ယင်ကောင်နဲ့ရုန်းကန်နေရပါတယ်။ နောက်ထပ်အဆောက်အဦးတချို့ပျက်စီးသွားပြီဖြစ်ပြီး ပိုးကောင်ရဲ့လက်ကနေလွတ်ဖို့ ဖရာလီတာက အလင်းဓားတစ်ချောင်းကိုဖန်တီကာ လက်တွေကို ခုတ်ချလိုက်တယ်။ ယင်ကောင်ရဲ့လက်တွေ ပြတ်သွားပြီး သွေးရည်ကြည်တွေပန်းထွက်လာပြီ။ ယင်ကောင် ပျာယာခတ်သွားတုန်း ဖရာလီတာက သူ့ရင်ဝကို ဆောင့်ကန်ကာ ဂျက်အင်ဂျင်ကိုသုံးပြီး ပျံထွက်လိုက်တယ်။
“နင်က ငါ့ကိုလွယ်လွယ်လေးနိုင်မယ်ထင်နေတာလား။” ဝါးဖရိန်ထဲက ဖရာလီတာက ပြုံးလိုက်ပြီး ဗုံးပစ်လောင်ချာကို မိုးပေါ်ထောင်ချိန်လိုက်တယ်။ ယင်ကောင်ရဲ့လက်တွေကလည်း မြင့်မားတဲ့ပြန်လည်ကုစားနိုင်စွမ်းကြောင့် ပြန်ကောင်းလာနေပါပြီ။ လေပေါ်မှာရှိနေတဲ့ ဆိုဖီယာကလည်း ခေါင်းညိတ်ပြီးပြုံးလိုက်တယ်။ အခုမြို့ထဲက လူအများစုကို ပြောင်းရွေ့ပြီးပြီမလို့ ဖရာလီတာစိတ်တိုင်းကျ ပွဲကြမ်းလို့ရပါပြီ။
ဖောင်း.... ဖောင်း... ဖောင်း....
ဖရာလီတာက သေနတ်မောင်းခလုတ်ကို ဆွဲလိုက်ပါတယ်။ ရာချီတဲ့အလင်းဗုံးတွေက သေနတ်ပြောင်းဝကနေ ဆက်တိုက်ပြေးထွက်လာပြီး လေထုထဲမှာ တဖြည်းဖြည်းကြီးလာတယ်။ ယင်ကောင်က သူ့ကိုမထိအောင် အလွယ်ရှောင်ရှားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာကတော့ အလင်းဗုံးတွေယင်ကောင်ကို မထိတဲ့အတွက် နည်းနည်းပါးပါး စိတ်အနှောင့်အယှက်ဖြစ်ပုံတောင်မပေါ်ဘူး။ အဲဒီအစား ပိုတောင်ပျော်နေသေးတယ်။
“ပြီးသွားပြီ။”
မိနစ်ဝက်လောက် ကြာပြီးတဲ့နောက်တော့ လေထုထဲမှာ အလင်းဗုံးသောင်းချီမျောလွင့်နေပြီဖြစ်ပြီးတော့ ဝါရှင်တန်မြို့တစ်ခုလုံးကို အလင်းဗုံးတွေက ဖုံးအုပ်ထားလိုက်ပြီး။ ဖရာလီတာကလည်း လောင်ချာကို ပြန်သိမ်းထားလိုက်ပြီး အလင်းဒြပ်စင်ဓားနှစ်လက်ကိုဖန်တီးကာ ဂျက်အင်ဂျင်ကို အားကုန်မြှင့်ပြီး လေပေါ်ပျံတက်လိုက်တယ်။
...
လေထုထဲမှာ ယင်ကောင်နဲ့ဝါးဖရိန် ထပ်ပြီးယှဥ်ချမိပြန်တယ်။ ယင်ကောင်က ဝါးဖရိန်ရဲ့ဓားချက်တွေကို လှလှပပရှောင်နေတယ်။ ဝါးဖရိန်ကလည်း ဓားချက်တွေအပြင် ဒုံးတွေအမြောက်တွေနဲ့ပါ ဆက်တိုက်ပစ်နေပါတယ်။ သူ့ရဲ့အလင်းဓားကွက်တွေက လိပ်ပြာတစ်ကောင်တောင်ပံခတ်နေသလိုမျိုး လှပလွန်းပါရဲ့။
တစ်ချက် ယင်ကောင်က ဝါးဖရိန်ရဲ့ဘယ်ညာပြိုင်တူပိုင်းချက်ကို ရှောင်ဖို့နောက်ဆုတ်လိုက်တယ်။ ကံဆိုးချင်တော့ နောက်မှာရှိနေတဲ့ အလင်းဗုံးတစ်ခုကိုသွားထိမိပြီး ပေါက်ကွဲသွားတယ်။
ဘုန်း...
“အား....” သူ့ကျောက အရေပြားတချို့လောင်ကျွမ်းသွားပြီး ကျောကော့သွားတယ်။ အရေပြားတူးရာက ထွက်လာတဲ့ ညော်နံတချို့တောင် လေထုထဲမှာပြန့်လာတယ်။ ယင်ကောင်အတွက် ဒီထိခိုက်မှုက မပြောပလောက်ပါဘူး။ သူဒဏ်ရာနည်းနည်းရသွားပေမဲ့ စက္ကန့်ပိုင်းလောက်နေရင် ပြန်ကောင်းမယ့်ဒဏ်ရာမျိုးပါ။ ဒါပေမဲ့ သူတစ်ခဏတာ ခုခံနိုင်စွမ်းကင်းမဲ့သွားတယ်။ ပြီးတော့ အဲဒီအချိန်ကို Archmegaက စောင့်နေခဲ့တာပါ။
“သေပေတော့....” Archmegaရဲ့ဓားနှစ်လက်က ကောကျော့ပြီး ရှေ့ကိုပြန်ကန်ထွက်လာတဲ့ ယင်ကောင်ရဲ့ရင်ဘတ်ကို ခုတ်ချလိုက်တယ်။ ရင်ကောင်က လက်နှစ်ဖက်ကိုမြောက်ပြီး တံတောင်နဲ့ကာပေမဲ့ ဓားချက်ကြောင့် သူ့ခန္ဓာကိုယ်က ခပ်ဝေးဝေး နောက်ကိုလွင့်သွားတယ်။ ဓားချက်ကြောင့် လက်မှာပြတ်ရှဒဏ်ရာတချို့ပဲ ရခဲ့တာမှန်ပေမဲ့....
ဘုန်း....
ပေါက်ကွဲသံတစ်ခု အနားကနေထွက်လာတဲ့အတွက် နားစည်ပါ ကန်းသွားမလိုဖြစ်ပြီး တဝီဝီမြည်နေတဲ့အသံအပြင် တခြားဘာသံကိုမှမကြားရတော့ဘူး။
သူ့ခန္ဓာကိုယ်က နောက်ထပ်အလင်းဗုံးတစ်ခုကို ထိမိသွားတာပါ။ သတိပြန်ဝင်လာတော့ ဝါးဖရိန်ရဲ့ကန်ချက်က သူ့ပခုံးပေါ်ကို ကျရောက်ပြီးနေပြီ။
ဘုန်း.... ဘုန်း... ဘုန်း....
ယင်ကောင်ရဲ့ခန္ဓာကိုယ်က အလင်းဗုံးတွေအများကြီးရှိနေတဲ့နေရာအထိ လွင့်ထွက်သွားပြီး ဇယ်ဆက်နေတဲ့ ပေါက်ကွဲမှုတွေကြား နစ်မြုပ်သွားတယ်။ အဲဒီပေါက်ကွဲမှုကြီးပြီးတော့ ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေအက်ကွဲကာ သွေးရည်ကြည်တွေစိမ့်ထွက်နေပြီဖြစ်ပြီး ဝါးဖရိန်က နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ဝင်လာပြန်ပြီ။
တိုက်ပွဲကိုစောင့်ကြည့်နေတဲ့ ဆိုဖီယာကလည်း ပြုံးလိုက်တယ်။ “ယင်ကောင်က ရေမြုပ်မိုင်းထောင်ထားတဲ့ ပင်လယ်ထဲပိတ်မိနေတဲ့ စစ်သင်္ဘောတစ်စင်းလိုဖြစ်နေပြီပဲ။”
တိုက်ပွဲအချိန်သုံးမိနစ်ကျော်လာတော့ ယင်ကောင်ဟာ ဆက်မပျံနိုင်တော့ဘဲ လမ်းမတစ်ခုပေါ်ကို ပြုတ်ကျလာတယ်။ ဖရာလီတာကလည်း အလင်းဓားနှစ်ခုကိုပေါင်းလိုက်ပြီး အပေါ်ကနေ ခုန်ဆင်းလာတယ်။
“ယင်ကောင်စုတ်၊ အခုဘယ်သူက ပိုအားနည်းနေတာလဲ ပြောစမ်း။” ဖရာလီတာက ပျော်ပျော်ကြီး ယင်ကောင်ရဲ့ပခုံးကို ဓားနဲ့စိုက်သွင်းလိုက်တယ်။ အလင်းဓားက ပခုံးကိုဖောက်ဝင်သွားပြီး ရင်ဘတ်ကနေ ပြန်ထွက်လာတယ်။ ယင်ကောင်ဆီက ဆူးဆူးဝါးဝါးအော်သံထွက်လာပြီး လက်နဲ့သိမ်းရိုက်လိုက်တဲ့အတွက် မထိခိုက်အောင် ဝါးဖရိန်က နောက်ခုတ်ဆုတ်တယ်။ စိုက်ကျန်နေခဲ့တဲ့ အလင်းဓားကတော့ တဖြည်းဖြည်းအားကုန်သွားပြီး ပျောက်ကွယ်သွားတယ်။
[Ultimate Skill: Dragon’s Blast]
ဒါပေမဲ့ယင်ကောင်ထွက်မပြေးနိုင်သေးခင်မှာပဲ ဝါးဖရိန်ရဲ့ရင်ဘတ်က ပွင့်လာပြီး ရွှေရောင်သန်းနေတဲ့ဗဟိုစွမ်းအင်အူတိုင်ကို မြင်နေရတယ်။ ရွှေရောင်အလင်းဒြပ်စင်တွေက လေဆာတန်းတစ်ခုအဖြစ်ကို ဖွဲ့စည်းပြီးတော့ ယင်ကောင်ဆီကို ပြေးဝင်တယ်။ ယင်ကောင်က ရှောင်လိုက်လို့ စစချင်းမထိပေမဲ့ ဖရာလီတာက အလိုက်သင့်ထိန်းပြီး ပြန်ချိန်ပါတယ်။
အလင်းတန်းက ယင်ကောင်နောက်ကနေလိုက်နေပြီး
ထောင်ထားတဲ့အလင်းဗုံးတွေကလည်း ယင်ကောင်ရှိတဲ့နေရာကို တဖြည်းဖြည်းရွေ့လာနေပြီး နီးကပ်လာတဲ့အတွက် ယင်ကောင်ဟာ အသက်ရှုချိန်တောင်မရဘဲ အသက်လုပြေးနေရပြီ။
“အား....”
နောက်တော့အလင်းတန်းက ယင်ကောင်ကိုတည့်တည့်မှန်သွားပြီး အလင်းဗုံးတွေကလည်း သူ့အပေါ်ကိုပြုတ်ကျလာတယ်။ ပေါက်ကွဲသံတွေ အဆက်မပြတ်ထွက်ပေါ်လာပြီး ယင်ကောင်ဆီကနေ ငယ်သံပါပါအော်တဲ့ အော်သံကြီးထွက်လာတယ်။
ပေါက်ကွဲမှုပြီးသွားချိန်မှာတော့ ယင်ကောင်ရှိမနေတော့ဘူး။ နံရံကိုမှီပြီး အသက်ကိုလုရှုနေရတဲ့ သာမန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပဲ ရှိနေတော့တယ်။ သူ့ရဲ့ပိုးကောင်ခန္ဓာကိုယ်က ဆက်ပြီးသုံးလို့မရလောက်အောင် ပျက်စီးသွားပြီဖြစ်တာမလို့
အသက်ဆက်ရှင်နိုင်ဖို့ သာမန်လူတစ်ယောက်ပုံစံကို ပြန်ပြောင်းထားလိုက်ရတာဖြစ်ပါတယ်။ ဝါးဖရိန်က သူ့ရှေ့ကိုရောက်လာပြီး လည်ပင်းကို အလင်းဓားနဲ့ချိန်ထားလိုက်တယ်။
“ငါတို့အဖွဲ့ထဲက လူတစ်ယောက်က မင်းတို့လူတစ်ယောက်ကို သတ်လိုက်တယ်မဟုတ်လား။ မင်းငါ့ကိုသတ်တာ မျှတာပါတယ်။ သတ်လိုက်ပါ။”
ယင်ကောင်က မျှော်လင့်ချက်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်တယ်။ နောက်တော့ သူ့မျက်လုံးကိုမှိတ်ထားလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာက သူ့အလင်းဓားကို ဖျောက်ပစ်လိုက်ပြီး ယင်ကောင်ကိုမသတ်ပါဘူး။ ယင်ကောင်က မျက်လုံးပြန်ဖွင့်ပြီး မေးလိုက်တယ်။
“မင်းက ငါ့ကိုအသက်ရှင်လျက်ထားပြီး ငါ့ရဲ့ကျဆုံးမှုအတွက် တခြားသူတွေလှောင်ရယ်တာခံစေချငိတာလား။”
“မဟုတ်ဘူး....” ဖရာလီတာက ရယ်မောသံပါပါပြောလိုက်တယ်။ အဲဒီနောက်တော့
“အရင်တစ်ခါက နင်ငါတို့ကိုမသတ်ဘဲ အသက်ရှင်ခွင့်ပေးခဲ့တယ်မဟုတ်လား။ ဒါက နင့်အပေါ်တင်နေတဲ့ အကြွေးကို ပြန်ဆပ်တဲ့သဘောပဲ။ ငါတို့ကြားမှာဘာမှမရှိတော့ဘူး။ နောက်တစ်ခါတွေ့ရင် အသေပဲ။”
ယင်ကောင်က ဒီစကားကိုကြားတော့ အရူးတစ်ယောက်လို ရယ်မောလိုက်ပါတယ်။ “ဟားဟားဟား... တစ်ခါတလေတော့ လူသားတွေနဲ့ပိုးကောင်တွေက တူသားပဲ။ ငါတို့အားလုံးက အရေးမကြီးတဲ့အရာတွေကို ဂရုစိုက်တတ်တဲ့ သောက်တလွဲကပ်ပါးကောင်တွေပဲ။”
....
ရေဂင်ကိုလိုက်ရှာရင်းနဲ့ ပြည်နယ်သုံးလေးခုအကွာက ကောင်းကင်ပေါ်မှာရောက်နေတဲ့ ဘာရွန်ကရပ်လိုက်တယ်။ ဥစာကီလည်း ဘာရွန်ရဲ့အပြုအမူကြောင့် ပျံသန်းနေတာကို ရပ်လိုက်ပြီးတော့ ကြည့်လိုက်ပါတယ်။
“ဘာရွန်၊ ဘာဖြစ်လို့ရပ်လိုက်တာလဲ။ ရေဂင်ကို ရှာတွေ့ပြီလား။”
ဒါပေမဲ့ ဘာရွန်က ခေါင်းခါပြလိုက်ပြီးတော့ ဝါရှင်တန်မြို့ရှိနေတဲ့ အရှေ့ဘက်ကိုကြည့်လိုက်တယ်။ “မဟုတ်ဘူး၊ ကျုပ်ရင်ထဲမှာ မကောင်းတဲ့ခံစားချက်တစ်ခုရှိနေတယ်။ အဲဒါ အိမ်ဘက်ကနေလာနေတာ။”
“ရှင်စိတ်ထင်တာနေမှာပါ။ ဘာရွန်ကို ဆက်ရှာရအောင်။” ဥစာကီက ပြောလိုက်ပေမဲ့ ဘာရွန်ကတော့ သူ့ကိုကျောခိုင်းလိုက်တယ်။
“မဟုတ်ဘူး၊ ကျုပ်ထင်ရင် ဘယ်တော့မှမမှားဘူး။
ကျုပ်ပြန်ကြည့်လိုက်ဦးမယ်။ အရှင်မက ဒီမှာပဲစောင့်နေပါ။”
နကျယ်ကောင်တစ်ဝက်ပုံပြောင်းထားတဲ့ ဘာရွန်က ပြောလိုက်ပြီး သူ့အတောင်ပံကိုခတ်ကာ စက္ကန့်ပိုင်းအတွင်းမှာပဲ ဥစာကီရှေ့ကနေ ပျောက်ကွယ်သွားတယ်။
....
ဘာရွန်က သူ့ရှေ့မှာမြင်နေရတဲ့ မြင်ကွင်းကြောင့် သည်းမခံနိုင်ဖြစ်သွားတယ်။ ရှန်ဟိုင်းမြို့ကြီးကို ခနအတွင်းဖျက်ဆီးပြီး လူသားနယ်မြေများစွာကိုသိမ်းပိုက်နိုင်ထားတဲ့ ဂုဏ်သရေရှိ ပိုးဖလံတပ်ကြီးရဲ့ခေါင်းဆောင် ပိုးဖလံက အခုကျိုးကျနေတဲ့ဝါရှင်တန်ကျောက်တိုင်ကြီးရဲ့အောက်ခြေမှာ ပက်လက်ကလေးလန်လို့။ သူ့အပေါ်ကနေတော့ ဂျပိုးလိုလိုဘာလိုလိုထင်ရတဲ့ လိပ်နက်ကြီးက ခွထိုင်နေပြီး မျက်နှာကို လက်သီးနဲ့ထိုးလိုက်၊ ရေခဲတန်းနဲ့မှုတ်လိုက်လုပ်နေတယ်။
တစ်ဖက်မှာတော့ ကမ္ဘာအနှံ သစ္စာခံတွေအများကြီးရှိပြီး လူသားတွေရဲ့မြေအောက်လောကကိုထိန်းချုပ်ထားတဲ့ ယင်ကောင်တပ်ခေါင်းဆောင် ယင်ကောင်ဗိုလ်ချုပ်က အားအင်ကင်းမဲ့စွာနဲ့ တိုက်နံရံတစ်ခုကိုမှီပြီး ခွေခွေလေးထိုင်နေတယ်။ ပြီးတော့ သူရှုံးသွားတဲ့ပြိုင်ဘက်က အရေးမပါတဲ့ ဝါးဖရိန်ထဲက ကလေးမလေးတစ်ယောက်။
“တော်လောက်ပြီ၊ ဒီကောင်တွေက ငါ့ကိုစိတ်ပျက်အောင်လုပ်နေတာပဲ။” ဘာရွန်က ဒေါသထွက်ထွက်နဲ့ ပြောလိုက်ပြီး အလွန်မြင့်တဲ့ ကောင်းကင်တိမ်တိုက်တွေပေါ်ကနေ ဆင်းချလာတယ်။ သူက လက်သီးကိုဆုပ်လိုက်ပြီး လိပ်နက်ရဲ့မေးကို ထိုးချလိုက်တယ်။
ဝုန်း....
ဘာရွန်ရဲ့လက်သီးချက်က လိပ်နက်ပေါ်ကျရောက်သွားပြီးနောက် ဝါရှင်တန်ကျောက်တိုင်ရှိတဲ့ ပန်းခြံတစ်ခုလုံးက မြေကြီးတွေအပေါ်ကိုမြောက်တက်လာပြီး ပြောင်းပြန်လန်ကုန်တယ်။ လိပ်နက်ကိုယ်တိုင်လည်း လေပေါ်ကိုမြောက်တက်လာပြီး မီတာရာနဲ့ချီမြောက်တက်သွားတယ်။ ဘာရွန်ကတော့ နောက်ကနေ လျှပ်စီးတန်းတစ်ခုလိုမျိုးလိုက်လာပြီး လိပ်နက်ရဲ့ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးလိုက်တယ်။ လိပ်နက်ကလည်း နာကျင်မှုကိုတောင့်ခံပြီးတော့ သူ့အမြီးသုံးခွနဲ့ ဘာရွန်ကို ထိုးချဖို့လုပ်ပေမဲ့ ဘာရွန်က သာသာလေးရှောင်ထွက်လိုက်တယ်။
ဘာရွန်က သူ့မျက်နှာရှေ့မှာဝဲပျံနေတဲ့အတွက် လိပ်နက်က ဒေါသထွက်လာပြီး ပါးစပ်ကိုဟလိုက်တယ်။ “ဒီသခင်ကြီးက မင်းထက်ပိုစွမ်းတဲ့ကောင်တွေကို အနိုင်ယူလာခဲ့တာကွ။ ငါ့ထက်မြန်ရုံနဲ့ ငါ့ကိုနိုင်ပြီမထင်နဲ့။”
လိပ်နက်ဝိညာဥ်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး ရေခဲတန်းနဲ့မှုတ်တယ်။ ဒါပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တွေကိုတောင် အေးခဲစေခဲ့တဲ့ ရေခဲတန်းက ဘာရွန်ကို နည်းနည်းလေးမှ ဒုက္ခမပေးနိုင်ဘူး။ ဘာရွန်က သာသာလေးလှုပ်ရှားနေပြီး သူ့ကျောကနေထွက်လာတဲ့ အဆိပ်ဆူးတစ်ချောင်းကိုဖြုတ်ယူကာ ရေခဲတန်းကိုမခုခံဘဲ တိုက်ရိုက်ပျံသန်းသွားတယ်။ အဲဒီနောက် လိပ်နက်ရဲ့မျက်လုံးတည့်တည့်ကို အဆိပ်ဆူးနဲ့ထိုးချလိုတယ်။
“ဝူး.... .ဝူး....” လိပ်နက်ဆီကနေ သေလုမျောပါးအော်သံထွက်လာပြီး လိပ်နက်အသွင်ပျောက်သွားတယ်။ ပုံမှန်လူပြန်ဖြစ်သွားတဲ့ ဖရန့်ကတော့ သွေးတွေစိမ့်ထွက်နေတဲ့ သူ့မျက်လုံးကိုလက်နဲ့အုပ်ထားရင်း အသည်းအသန်အော်ဟစ်နေတယ်။
“ဖရန့်...” ပန်းသီးလေးက ခန္ဓာကိုယ်အပြင်ထွက်လာပြီး ဖရန့်ရဲ့ဒဏ်ရာကို ကုဖို့လုပ်တော့ နကျယ်ကောင်က ပြေးဝင်လာပြီ။
“ရပ်လိုက်စမ်း။” ဆိုဖီယာက ဖရန့်ကိုကယ်ဖို့ပြေးဝင်လာတယ်။ သူ့စိတ်စွမ်းအားနဲ့ နကျယ်ကောင်ကိုချုပ်ဖို့လုပ်ပေမဲ့ နကျယ်ကောင်ဘာရွန်က ဆိုဖီယာရှေ့မှာ
အရင်ပေါ်လာပြီး ဆိုဖီယာရဲ့လည်ပင်းကို ညှစ်လိုက်တယ်။
“နတ်ဘုရားအသံကောင်မလေး၊ ငါ့စိတ်ကိုလာမစမ်းနဲ့။” ဘာရွန်က ဆိုဖီယာကို လည်မျိုကနေဆုပ်ကိုင်ပြီး မြေပြင်နဲ့ရိုက်ချလိုက်တယ်။ နတ်သူငယ်မလေးခန္ဓာကိုယ်က ဒဏ်ကိုမခံနိုင်တော့ဘဲ အရိုးတွေကျိုးပဲ့ကုန်တယ်။ ခေါင်းလည်းကွဲသွားပြီး နဖူးကနေသွေးတွေစီးကျလာတယ်။ ဆိုဖီယာက သူ့ခြေထောက်တွေ
ကျိုးပဲ့ကုန်တာကို ခံစားမိလိုက်တယ်။ ဘယ်လက်က
အရိုးတွေလည်း နေရာလွဲနေပြီဖြစ်ပြီး နာကျင်မှုက သူ့စိတ်ဝိညာဥ်တောင် တောင့်ခံထားလို့မရတဲ့အဆင့်ကိုရောက်နေပြီ။ သူက နေရာကနေထွက်သွားဖို့ကြိုးစားပေမဲ့ ကိုယ့်ကိုယ်ကိုယ်တရွတ်တိုက်ဆွဲသွားရုံအပြင် ဘာမှမရှိဘူး။
ဖရာလီတာလည်း အလင်းဗုံးလောင်ချာနဲ့ဘာရွန်ကို ပစ်တယ်။ ဘာရွန်က လိပ်နက်နဲ့ဆိုဖီယာကို ထားရစ်ခဲ့ပြီး ဝါးဖရိန်ကိုပြေးကန်တယ်။ ဝါးဖရိန်ရင်ဘတ်က ပိန်ဝင်သွားပြီး ဆိုဖီယာရဲ့ခန္ဓာကိုယ်က တိုက်တွေအများကြီးကို ဖြတ်ဝင်သွားပြီး နောက်ဆုံးမှရပ်သွားတယ်။ ဒါပေမဲ့ ဘာရွန်ကတော့ သူ့ရှေ့မှာပေါ်နေပြီဖြစ်ပြီး သူ့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ လက်ပိုက်ကြည့်နေပါတယ်။
“လူသားတွေက ကိုယ့်နေရာကိုယ် သိသင့်တယ်။”
သူက ပြောလိုက်ရင်း လက်ကိုဖြန့်ကာ လက်သီးကိုဆုပ်လိုက်တယ်။ ဖရာလီတာက အလင်းဒိုင်းကိုဖန်တီးပြီး သူ့ကိုယ်သူကာကွယ်ဖို့လုပ်ပေမဲ့ မလုံလောက်မှန်း သိနေပါတယ်။
....
ပန်းသီးလေးက ဆိုဖီယာနဲ့ဖရန့်ကို ကျောပိုးပြီးတော့ လော့ဟက်မာတင်ခြံဝင်းထဲကို ပြန်ဆုတ်လာပါတယ်။
ဖရာလီတာကတော့ ဘာရွန်နဲ့ဆက်တိုက်နေတုန်းပဲ။ လုံးဝရှုံးနိမ့်နေပေမဲ့ ဇမ္ဗူရာဇ်ရွှေက အတော်လေးအမာခံတာကြောင့် ဘာရွန်က သူ့ကိုမတိုက်နိုင်လောက်တော့တဲ့အထိဖြစ်အောင် မလုပ်နိုင်သေးဘူး။ ဆိုဖီယာကတော့ ပါးစပ်ထဲစုပုံနေတဲ့ သွေးတွေကိုထွေးထုတ်ပစ်လိုက်ပြီး
“မက်ဒါနာဘာလို့အခုထိထွက်မလာသေးတာလဲ။ ဒီတိုင်းဆိုရင် အခြေအနေမကောင်းတော့ဘူး။ ဘာရွန်က အယ်ဖာအဆင့်မှာပြိုင်ဖက်ကင်းတယ်။ ငါတို့တွေက အယ်ဖာအဆင့်ကို ရောက်တယ်ဆိုရုံပဲရှိသေးတာ။” အခုအတွက်တစ်ခုတည်းသောမျှော်လင့်ချက်က ဇွန်ဘီမလေးကိုခေါ်ပြီး ဒီနေရာကနေ နေရာရွေ့ပြောင်းထွက်ဖို့ပါ။ နယူးယောက်မှာဆိုရင် မြို့ကာကွယ်ရေးစနစ်ကြောင့် တခြားသူတွေဆီကနေ အကူအညီရတဲ့အထိ သူတို့ဆက်တောင့်ခံထားနိုင်တယ်။
ဖရာလီတာ ပြောလိုက်ပြီးမကြာခင်မှာပဲ ပြိုကျပျက်စီးနေတဲ့ လော့ဟက်မာတင်ရုံးထဲကနေ အရိပ်ရောင်အရိပ်တစ်ရိပ်က ဖြည်းညှင်းစွာ ထွက်လာတယ်။ ပန်းသီးလေးက လက်ညိုးထိုးလိုက်ပြီး
“သူမဟုတ်လား....” ဆိုဖီယာလည်း ခေါင်းထောင်ပြီး ကြည့်လိုက်တယ်။ အနက်ရောင်အရိပ်ကို ဆိုးယုတ်ခြင်းအငွေ့အသက်တွေ ဝန်းရံထားပြီးတော့ ဆိုဖီယာတောင် ငွေရောင်စစ်သည်မှန်း မမှတ်မိနိုင်သလောက်ပဲ။ ငွေရောင်စစ်သည်ရဲ့ခန္ဓာကိုယ်ကို ခရမ်းရောင်မီးတောက်က ဖုံးလွှမ်းနေပြီး မီးတောက်ကနေ ဆိုးယုတ်တဲ့မီးခိုးငွေ့တွေထွက်နေတယ်။ ငွေရောင်စစ်သည်က နာကျင်နေတဲ့ပုံစံမျိုးနဲ့ ဘယ်ဖက်လက်ကိုသုံးကာ နဖူးကိုဆုပ်ကိုင်ထားပြီး ညာဖက်လက်ကတော့ ခရမ်းရောင်တောက်ပနေတဲ့ ဒဏ္ဍာရီလာဓားကို တရွတ်တိုက်ဆွဲလာနေတယ်။ နဖူးတစ်ဖက်မှာလည်း နတ်ဆိုးချိုရှိနေတယ်။
ကျွီ.... ကျလီ....
ဓားက ကြမ်းပြင်ကိုတရွတ်တိုက်ဆွဲရာကနေ ထွက်လာနေတဲ့အသံနဲ့ ကြောက်စရာကောင်းတဲ့စစ်သည်ပုံစံကိုကြောင့် ဆိုဖီယာရဲ့နှလုံးသားက ချောက်နက်တစ်ခုတည်းကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။ ဒီငွေရောင်စစ်သည်က သိပ်ကိုအန္တရာယ်များလွန်းတယ်လို့ သူခံစားနေမိတယ်။
“မက်ဒါနာ.... ယာမီရော...” ဆိုဖီယာက အရေးပါတဲ့အချက်ကို မေးလိုက်တယ်။ သူတို့က ယာမီကိုလာကယ်တာလေ။
“သေပြီ။” မက်ဒါနာဆီကနေ ရေရွတ်သံလိုလို ယောင်ယမ်းပြောတဲ့အသံလိုလို စကားသံထွက်လာတယ်။ သတိကောင်းကောင်းရှိနေပုံမပေါ်ဘူး။
ဘုန်း....
လော့ဟက်မာတင်ခြံဝင်းထဲကို ဝါးဖရိန်ပြုတ်ကျလာတယ်။ ဖရာလီတာရှုံးသွားပြီ။ သူ့ဝါးဖရိန်က ဆိုးဆိုးဝါးဝါးပိန်လိန်နေပြီး အလုပ်မလုပ်တော့ဘူး။ နကျယ်ကောင်ကတော့ လေထုထဲမှာ လက်ပိုက်ရပ်နေတယ်။
"နောက်တစ်ယောက်ကျန်နေသေးတာလား။ ရတယ်လေ၊ ဌာနချုပ်ကို လာတိုက်တဲ့ကောင်တွေ ဒီနေ့ဒီမှာသေရမယ်။"
STAI LEGGENDO
I just Wanna be Hero, not Heroine (Season 2)
FantascienzaSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...