V9 Chapter 30

41 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 30 - သမီးက သန်မာပြီးသား


 ဆေးရုံကနေပြန်လာတော့ ညနေစောင်းနေပြီ။ လူနာစောင့်စရာမလိုတော့တဲ့ အေမီက မက်ဒါနာနဲ့အတူပြန်လိုက်လာတယ်။ ကားပေါ်မှာတော့ မက်ဒါနာက အေမီနဲ့ တစ်လမ်းလုံးစကားပြောလာခဲ့တာ။ ကျောင်းဝင်းထဲမှာ ကားဝင်ထိုးပြီးတဲ့နောက်တော့ အေမီက ကားပေါ်ကနေမဆင်းခင် မက်ဒါနာကို ဦးညွှတ်လိုက်ပြီး ခွင့်တောင်းတယ်။


 "ညစာစားချိန်ရောက်တော့မှာဆိုတော့ မမလေးစားဖို့ တစ်ခုခုပြင်ဆင်လိုက်ပါဦးမယ်။" 


 "အင်း၊ အကောင်းဆုံး ချက်လာခဲ့နော်။" အေမီရဲ့လက်ရာကို လွမ်းနေပြီဖြစ်တဲ့ မက်ဒါနာက အေမီကို လက်နှစ်ဖက်လုံးနဲ့ လက်မထောင်ပြလိုက်တယ်။ အေမီကတော့ ကားတံခါးကိုဖွင့်ပြီး အိန္ဒြေရရ ကားပေါ်ကနေ ခြေချလိုက်တယ်။


 "မမလေးလက်ရာကို လွမ်းနေတော့မှာပဲ။" ကားဒရိုက်ဘာခုံမှာထိုင်နေတဲ့ ဖရက်ကတော့ မက်ဒါနာ ဟင်းမချက်လောက်တော့ဘူးဆိုတဲ့အသိကြောင့် ငိုချလုမတတ်ဖြစ်နေပြီး တစ်ကိုယ်တည်းရေရွတ်နေပါတယ်။


 အဲဒီနောက်မှာတော့ မက်ဒါနာကိုယ်တိုင်လည်း ကားပေါ်ကနေဆင်းလိုက်တယ်။ အေမီက ခပ်လှမ်းလှမ်းမှာရောက်နေပြီဖြစ်ပြီး ဝန်ထမ်းအဆောင်ကိုသွားနေတယ်။ မက်ဒါနာကတော့ ကားဝင်းထဲမှာ ရပ်နေရင်းကနေ တိုက်ခတ်လာတဲ့လေပြေကို မျက်လုံးမှိတ်ပြီး ခံစားကြည့်တယ်။


 "မကြာခင် ကျောင်းတွေပြန်ဖွင့်တော့မှာပဲ။ ဒါဆိုရင် ဒီကျောင်းကြီးလည်း ပြန်အသက်ဝင်လာတော့မှာ။"


 မက်ဒါနာက အခုလိုပြောလိုက်ပြီးတဲ့နောက်မှာတော့ လုပ်လက်စအလုပ်တွေကို ဆက်လုပ်ဖို့ စမ်းသပ်ခန်းဆီကို ဦးတည်သွားလိုက်တယ်။


...


 "အယ်ဟယ်၊ ကျောင်းဆောင်ကြီးတစ်ခုလုံး သိမ့်ခနဲလှုပ်သွားသလိုပဲ။" မက်ဒါနာက ထွင်းဖောက်မြင်ရတဲ့ ကွန်ပျူတာကိုဖွင့်ပြီးတော့ အလုပ်လုပ်မယ်ကြံရုံရှိသေးတယ်၊ စမ်းသပ်ခန်းနဲ့တွဲထားတဲ့ ကျောင်းဆောင်ကြီးတစ်ခုလုံး လှုပ်ခါသွားတာကို ခံစားမိလိုက်တယ်။ဒါကြောင့် အပြင်ထွက်ပြီး ခေါင်မိုးပေါ်ကိုမော့ကြည့်တော့ အမြီးလေးကို ဘယ်ညာလွှဲယမ်းပြီး ဝင်လုဆဲဆဲနေကို ကြည့်နေတဲ့ လီဆာကို တွေ့လိုက်ရပါလေရော။ လီဆာ စစ်ပွဲကနေ ပြန်လာပြီထင်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now