ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V9 Chapter 29 - ပြန်လည်မွေးဖွားလာခြင်း
ပန်းသီးလေးပျောက်ကွယ်သွားပြီးတဲ့နောက် ဖရန့်အချိန်အတော်ကြာအောင် အော်ဟစ်နေခဲ့တယ်ဆိုပေမဲ့ ရက်မကူးခင်မှာပဲ တိတ်ဆိတ်သွားပါတယ်။ နဂိုဆေးရုံအဆောင်က ပျက်စီးနေပြီဖြစ်တဲ့အပြင် ဖရန့်က အထူးကွပ်ကဲကုသမှုတွေ မလိုအပ်တော့တဲ့အတွက် ဆရာဝန်တွေက သူ့ကိုသာမန်အခန်းတစ်ခန်းမှာ ရွေ့ထားလိုက်တယ်။
"အကြောင်းထူးရင် မမလေးကို ချက်ချင်းလှမ်းပြီး ဆက်သွယ်လိုက်ပါ့မယ်။" ဖရန့်တစ်ယောက် လိပ်နက်နဲ့ အချိန်မရွေးထသောင်းကျန်းနိုင်တယ်ဆိုပြီး မက်ဒါနာတွေးပူမိတော့ အေမီက အခုလိုပြောပြီး မက်ဒါနာတို့ကို ထွက်သွားခိုင်းတယ်။ အေမီအဆိုအရ အခုအချိန်မှာ ဖရန့်ကို တစ်ကိုယ်တည်းနေဖို့ အချိန်ပိုပေးသင့်တယ်တဲ့။ သူကိုယ်တိုင်ကတော့ ဖရန့်ရဲ့အခန်းအပြင် စင်္ကြံလမ်းပေါ်မှာရပ်ပြီး ကျန်နေရစ်တယ်။
အေမီက အကြောင်းအရင်းကိုမပြောပေမဲ့ မက်ဒါနာကတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် အေမီနဲ့အတူ စေဘာစတိန်းကိုပါ ဆေးရုံဝင်းထဲမှာ ထားရစ်ခဲ့တယ်။ ဒါမှလိုအပ်တာနဲ့ အေမီမြွေနဂါးကို အသုံးပြုနိုင်မှာ။
ကျောင်းပြန်ရောက်ပြီး ရက်ပိုင်းလောက်ကြာတော့ မက်ဒါနာပျင်းလာတယ်။ စကားပြောဖော်မရှိလို့မဟုတ်ပေမဲ့ အေမီအနားမှာရှိနေတဲ့အချိန်နဲ့ မရှိတဲ့အချိန်က တော်တော်ကွာတယ်။ အေမီရှိရင် မနက်စာ၊ညစာလွတ်မှာမပူရပေမဲ့ အခုလိုနေ့မျိုးကျတော့ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ဘာသာစားဖို့မေ့မသွားအောင်လို့ နာရီအလန်းပေးဖို့လိုတယ်။ အင်း၊ အေမီမရှိလို့ ကိုယ့်ဘာသာချက်ပြုတ်စားရတာကိုလည်း ထည့်ပြောရဦးမယ်။
"နင့်ဟာကလည်း တစ်နေ့လာလည်း ဂေါ်ဖီ၊ တစ်နေ့လာလည်း ဂေါ်ဖီနဲ့ စိတ်ပျက်လာပြီ။" တစ်ကိုယ်တော်အတွေးကြောထဲ နစ်မျောနေတဲ့ မက်ဒါနာက ဖရာလီတာရဲ့စိတ်ပျက်လက်ပျက်စကားသံကြောင့် ခေါင်းမော့ကြည့်လိုက်တယ်။
YOU ARE READING
I just Wanna be Hero, not Heroine (Season 2)
Science FictionSeason 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရဲ့အချိန်တွေက ရပ်တန့်သွားပေမဲ့ လောကကြီးကတော့ ဆက်သွားနေဆဲပါ။ မြူတန့်သိပ္ပံပျက်စီးသွားပေမဲ့ ဗီလိန်အဖွဲ့...