V9 Chapter 9

50 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 9 - အိပ်ရာခင်းတာ ခက်လို့လား


 ရုတ်တရက် လူစိမ်းတွေရောက်လာတာကြောင့် လီဆာရော ဆိုင်ဝန်ထမ်းအမျိုးသမီးပါ စိတ်ရှုပ်သွားပါတယ်။ လီဆာက မြန်မြန်ဆန်ဆန်ပဲ နောက်ထဲပြေးဝင်သွားပြီး ဆိုင်ရှင်အဖွားကို တည်းခိုခန်းရှေ့ခေါ်လာလေရဲ့။

 "အဒေါ်က ဒီတည်းခိုခန်းကဆိုင်ရှင် ဒိုင်ယာနာ အန်ဒီဂရေးပါ။ ကိစ္စတစ်ခုခုရှိလို့လား။" အဖွားဒိုင်ယာနာက မျက်မှန်ကိုပင့်တင်လိုက်ပြီး အိမ်တော်ထိန်းချုပ်ဆိုတဲ့ ယာမာဒါကိုမော့ကြည့်တယ်။

 ယာမာဒါကလည်း ခါးကိုင်းနေတဲ့ အဖွားဒိုင်ယာနာကို လက်ပိုက်လျက်အနေအထားကနေ ငုံကြည့်ရင်း အခုလိုမျိုးပြောလိုက်ပါပြီ။

 "ဆုဗာနာနယ်စားနယ်မြေက ကြီးမြတ်တဲ့မင်းသမီးလေး မက်ဒါနာက ဒီတည်းခိုခန်းစုတ်... အဲလေ၊ ဒီတည်းခိုခန်းလေးမှာ တည်းနေတယ်ကြားလို့ သူအဆင်ပြေမပြေလာကြည့်တာပါ။"

 ဆုဗာနာမင်းသမီးဆိုတဲ့စကားစုကိုကြားတော့ လီဆာက ခေါင်းကိုစောင်းလိုက်ပြီး မက်ဒါနာရှိရာကိုလှည့်ကြည့်တယ်။ မက်ဒါနာကတော့ သူတို့ကိုအချိန်တစ်ခုကြာတဲ့အထိ ကြည့်နေခဲ့ပေမဲ့ မကြာခင်မှာပဲ စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားပြီး စားစရာတွေကိုပဲ ပြန်အာရုံစိုက်နေလေရဲ့။

 "မင်းသမီး... မဖြစ်နိုင်တာ၊ ကျွန်မတို့လို တည်းခိုခန်းသေးသေးလေးဆီကို ဘယ်လိုလုပ်ပြီး နိုင်ငံရပ်ခြားက မင်းသမီးတစ်ပါးလာပြီးတည်းမှာလဲ။"

 ဝန်ထမ်းအစ်မကြီးက ရယ်ချင်နေတဲ့မျက်နှာနဲ့ပြန်ဖြေပေမဲ့ လီဆာက ဝန်ထမ်းအစ်မကြီးရဲ့အင်္ကျီလက်ကို လှမ်းဆွဲပြီး မက်ဒါနာကို လက်ညိုးထိုးပြတယ်။

 "မမအဲလင့်ရေ၊ အဲဒီဆံပင်အဖြူနဲ့အရူးမကြီးက တကယ်တော့ ဆုဗာနာမင်းသမီး။"

 "ဟောတော့...." ဒီတော့မှ အဲလင့်ကလည်း အံ့ဩမှုကြောင့် ဟသွားတဲ့ ပါးစပ်ကို လက်ဝါးနဲ့ကာလိုက်ပြီး မက်ဒါနာကို ကြည့်လိုက်တယ်။ ဆိုင်ရှင်အဖွားလည်း အလားတူပဲ မျက်မှန်ကိုပင့်ကာပင့်ကာနဲ့ မက်ဒါနာကို ပြူးကြည့်တယ်။ ပြီးတော့ မင်းသမီးဆိုတဲ့စကားကို တခြားစားသုံးသူတွေလည်းကြားပြီး မက်ဒါနာကိုဝိုင်းကြည့်နေကြပါပြီ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now