『Unicode 』
လီယန် ရက်တွက်ကြည့်လိုက်သည် : မနေ့က လုပ်ခဲ့သည်ဖြစ်၍ ယနေ့ လုပ်မှာမဟုတ်တော့ချေ။
သူ စိတ်သက်သာရာရနေ၏။ လုလျန်နင်က သူ့ကို အခန်းထဲ ပြန်လာဖို့ပြောသောအခါ တုံ့ဆိုင်းမနေခဲ့ပေ။
သူ ရေချိုးပြီးနောက် အိပ်ရာပေါ်မှာလှဲနေလိုက်သည်။ အနည်းငယ် ပင်ပန်းသလိုပင်။ ယနေ့ လောင်ယွဲ့နှင့် ထိုသို့သော ဒရာမာခင်းခဲ့ခြင်းက အင်အားဖြုန်းတီးရုံသာ။
လုလျန်နင်ထွက်လာသောအခါ လီယန်တစ်ယောက် ဘေးတိုက်လှဲနေသည်ကိုတွေ့လိုက်ရသည်။ သူဟာ တစ်စုံတစ်ရာတွေးနေရင်း အိပ်ရာဘေးရှိမီးအိမ်ကို လက်ထဲမှာကိုင်ကာ ဆော့နေသေးသည်။
ပန်းဖွားဒီဇိုင်းက သေးငယ်၍ လက်ရာမြောက်သည့် တန်ဖိုးကြီး လက်လုပ်ပစ္စည်းတစ်ခုအလားထင်ရသည်။ယင်းသည် လုလျန်နင် လွန်ခဲ့သောနှစ်က ဥရောပမှအပြန် ဝယ်လာပေးခဲ့သည့်မီးအိမ်ပင်။
အိပ်ချိန်ဆိုလျှင် သူ မီးရောင်တောက်နေသည်ကို အမှန်တကယ် မုန်း၏။ ယခင်ကဆိုလျှင် အလင်းကာရန် လိုက်ကာတွေကို အမှောင်ချတတ်သည်။
သို့သော် ယခုမူ အိပ်ခန်းအကျယ်ကြီး၌ အနည်းဆုံး အိပ်ရာဘေး မီးအိမ်တစ်လုံးတော့ ဖွင့်ထားရ၏။
လီယန်က လုလျန်နင် ရေချိုးခန်းတံခါးမှ ထွက်လာသံအား ကြားလျှင် အသိပြန်ဝင်လာသည်။ သူဟာ အိပ်ရာဘေးမီးအိမ်ပေါ်ရှိ ပန်းဖွားကို ကလိနေသည့်လက်အား ရုတ်ပြီး စောင်ပါးထဲ ပြန်ထည့်လိုက်၏
လုလျန်နင်၏ ကိုယ်ပေါ်တွင် လိမ္မော်ရနံ့ဖျော့ဖျော့ရှိနေသေးပြီး သူက မျက်နှာလွှဲထားသော လီယန့်ထံ လက်ဆန့်ဖက်လိုက်သည်။
လုလျန်နင်က မည်သည်မှ မဆိုသလို ၊ လီယန်ကဆိုလျှင် သူ့ကို တစ်ခုခု အစပျိုးဖို့ပြောဖို့ ဖြစ်နိုင်ခြေပင် နည်းပါးလေသည်။
ထို့အပြင် လီယန် ယနေ့ နည်းနည်းပင်ပန်းနေ၏။ ယမန်နေ့ညက ကောင်းကောင်းမနားခဲ့ရ၍ ယခု အိပ်ရာပေါ်လှဲလိုက်သောအခါ ခါးနှင့်ခြေထောက်က နာသေးသလို ခံစားရသည်။