『Unicode』
ချန်မြောင် ဒရိုင်ဘာခုံမှာ ထိုင်နေခဲ့စဉ် လုလျန်နင်က ကားရှေ့ကို ရောက်လာကာ ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ချန်မြောင်က ကားစထွက်လိုက်၏။ အနက်ရောင် Porscheက ညဘက်မှာ တရိပ်ရိပ်မောင်းနှင်လျက်။
ချန်မြောင်မှာ အနည်းငယ်တော့ မသက်မသာဖြစ်ရသည်။ ဘယ်အချိန်ကများ လုလျန်နင်တစ်ယောက် အနောက်ထိုင်ခုံတွင်မထိုင်တော့ပဲ သူ့ဘေးက ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လာခဲ့လဲ မသိတော့။ သူကားမောင်းသည်အား ကြီးကြပ်နေသကဲ့သို့ပင်။ သူ့ အရှိန်အဟုန်က ပြင်းထန်လွန်းသဖြင့် ချန်မြောင်မှာ ကားမောင်းရင်း မတ်မတ်ထိုင်နေရသည်မှာ ပထမဆုံးကျောင်းတက်ရက်၌ ဆရာအား ကြွားပြဖို့ကြိုးစားနေသည့် မူလတန်းကျောင်းသားပမာ။
လုလျန်နင်နေမည့် ဟိုတယ်သို့ရောက်သောအခါ ချန်မြောင်သည် အနောက်မှ လုလျန်နင်၏ ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်သည်။ ဉာဉ့်နက်နေပြီဖြစ်၍ လူအနည်းငယ်သာ ရှိတော့သည့်တိုင် လုလျန်နင်ဟာ အပြည့်အဝတပ်ဆင်ထားကာ သူ့မျက်နှာကို လေမဝင်အောင် စေ့စေ့ကာကွယ်ထား၏။
သူတို့တွေ ဤရက်ပိုင်း၌ 《Floating Jade》ကို ပရိုမိုးရှင်းဆင်းရမည်ဖြစ်ကာ မနက်ဖြန်၌ တခြားမြို့သို့ သွားရန် စောစောထဖို့လိုသည်။
လုလျန်နင်၏ ယဲ့ဟယ့်အပေါ် စက်ဆုပ်မှုက နေ့စဉ်နှင့်အမျှ တိုး၍သာနေ၏။ယခင်က သူ မရွှင်ပျသည့်တိုင် တစ်ဖက်လူကိုအပေါ်ယံတွင် အရှက်ရအောင် များများစားစားမလုပ်ပေ။ ယခုမူ တစ်ဖက်လူအပေါ် မနှစ်မြို့ခြင်းများကို ဖုံး၍ပင်မထားတော့။
နောက်တစ်နေ့၌ ချန်မြောင်တံခါးလာခေါက်သောကြောင့် လုလျန်နင်နိူးလာခဲ့သည်။ နိူးလာပြီးနောက် သူသည် အနည်းငယ်မှုန်ကုပ်ကုပ်ဖြစ်နေကာ မျက်နှာရှစ်ခေါက်ချိုးနှင့် ကားထဲဝင်လာသည်။
လုလျန်နင်သည် သူဝယ်လာသော ပေါက်စီနှင့်ပဲနို့ကို သူ့အား ကမ်းပေးလိုက်ပြီးမှ ပေါက်စီယူဖို့အတွက်သာ လက်လှမ်းလာလေသည်။