『Unicode』
လုလျန်နင်ပြန်လာသောအခါ ကားမီးရောင်က လမ်းအရှေ့ဝေးဝေးအထိ လင်းကျင်းသွားစေလျက်။ အနက်ရောင်ကုတ်အင်္ကျီဝတ်ထားသည့် အလွန်သေးသွယ်သောပုံရိပ်တစ်ခု ဆောင်းရာသီအစောပိုင်း၏ ဆိုးဝါးလှသော လေထုထဲတွင်လမ်းလျှောက်နေခဲ့သည်။
ကားက အရှေ့ကို မောင်းလာပြီး ချဉ်းကပ်လာလျှင် ပုံရိပ်က အမှန်တကယ် စုန့်ရွမ်ဖြစ်မှန်း ရှင်းလင်းလာသည်။
လုလျန်နင် မျက်မှောင်ကြုတ်သွား၏။ ဒီအချိန်ကျမှ စုန့်ရွမ်နှင့် ဘာကြောင့် ဆုံရသလဲ သူ နားမလည်နိုင်ပေ။ သည်လမ်းအဆုံးသည် သူ့အိမ်ဖြစ်၏။ စုန့်ရွမ်က သူ့အိမ်ကနေ ထွက်လာတာလား ? ဒါပေမယ့် သူနေတဲ့နေရာကို သူဘယ်လိုလုပ်ရှာတွေ့သွားတာလဲ ?
ကားရပ်၍ လုလျန်နင်က တံခါးဖွင့်ကာ စုန့်ရွမ်ကို နှုတ်ဆက်လိုက်သည်။
စုန့်ရွမ်မှာ ဝမ်းနည်းမှုမှ ရုန်းမထွက်လာနိုင်သေးပုံပင်။ မျက်ဝန်းများက အငိုရပ်သွားသော်လည်း ခန္ဓာကိုယ်က တုန်လှုပ်နေ၏။
လုလျန်နင်၏ မားမားမတ်မတ်ပုံရိပ်က သူ့ဘေးမှာလာရပ်သည်။ မီးရောင်က မှိန်လွန်းနေသဖြင့် သူ့အမူအရာကိုခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲလေသည်။
စုန့်ရွမ်သည် စိုစွတ်နေသော မျက်တောင်များကို ပင့်၍ သူ့ကို ကြည့်၏ : " လူကြီးမင်းလု.... "
သူ့မျက်နှာထက်ရှိမျက်ရည်များမှာ မခြောက်သေးပေ။ နူးညံ့လှပသည့် Omegaလေးက လေအေးထဲ၌ တစ်ယောက်တည်းလျှောက်နေသည်မှာ သနားစဖွယ်ကောင်း၏။ ရိုးရိုးသားသားဆိုရလျှင် အနည်းငယ်လဲ အန္တရာယ်များလေသည်။
လုလျန်နင်၏ မျက်လုံးများက စုန့်ရွမ်ဝတ်ထားသော ကုတ်ပေါ်ရောက်သွားပြီးမှ သူက မေးသည်။ " ငါ့အိမ်တည်နေရာကိုဘယ်သူကပြောပြလိုက်တာလဲ။ "
စုန့်ရွမ်သည် နှုတ်ခမ်းကိုက်လိုက်၍ အနည်းငယ် ခေါင်းမာဟန် : " ကျွန်တော့်ဘာသာ ရှာတွေ့တာပါ။ "
သူ့ဘာသာ ရှာတွေ့နိုင်ရင်ပင် ထူးဆန်းနေလိမ့်မည်။
လုလျန်နင်၏ စိတ်ထဲ၌ ထီမထင်သည့် အရိပ်အယောင်များ ရှိနေသော်ငြား ၎င်းကို မပြသပေ။ သူအဖို့ စုန့်ရွမ်ကိုသဘောကျ၏ ၊ မကျ၏ မပြောနိုင်ပေ။ စုန့်ရွမ်သည် Omegaတစ်ယောက်ဖြစ်ပြီး ဤကိစ္စ၌လည်း အပြစ်ကင်းလေ၏။