『Unicode』
ဝူးကျင်းဝမ်မြို့သို့ ပြန်ရောက်ပြီးနောက် နေ့ရက်များက လျင်လျင်မြန်မြန်ကုန်ဆုံးခဲ့သည်။ လီယန်က ခြံဝန်းလေးထဲတွင်မြေဆွေးများရွှေ့ပြီး ခြံတစ်ဝက်လောက် ဟင်းသီးဟင်းရွက်တွေ စိုက်လိုက်၏။
သုံးလ ကုန်သွားခဲ့သည်။ လီယန်တစ်ယောက် မကြာခဏဆိုသလို နံဘေးမှ ချန်မိသားစုတွင် အသောက်အစားပါတီလုပ်သည့်အသံများကို ကြားခဲ့ရသည်။ ချန်မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည်မှာ နှစ်ပေါင်းကြာပြီဖြစ်သော အနှီမိတ်ဆွေများက မကြာမကြာဆိုသလို ပေါ်လာကြခြင်းပေ။
ထိုနှစ်များတုန်းက အဖေချန်တစ်ယောက် နေရာတိုင်းမှာ ငွေမချေးနိုင်သလို သူတို့ထံခေါ်သည့် ဖုန်းခေါ်ဆိုမှုအများစုကိုလည်း မဖြေခဲ့ကြသည်မှာ သိသာပါလျက်။
ထိုညက လီယန် စူပါမားကတ်သွားပြီး အာကွော်ထို့နှစ်ပုလင်းဝယ်ကာ ချန်ယာရှင်း၏ အုတ်ဂူသို့ သောက်ဖို့ သွားခဲ့သည်။နဂိုက တဝေါဝေါတိုက်နေသည့် မြောက်လေကို အခွင့်ကောင်းယူရန် ပိုသင့်တော်ပုံရသော်လည်း ထိုညက ရာသီဥတုမှာအိုက်စပ်စပ်နှင့်ပင်။ တောအုပ်ထဲရှိ ပုစဉ်းရင်ကွဲသံများက ဆူညံလှ၍ လူကို စိတ်ညစ်ညူးလာစေကာ လေအရိပ်အယောင်ပင် မတွေ့ရ။
သူ ချန်ယာရှင်း၏ အုတ်ဂူရှေ့တွင် ဒူးတစ်ဝက်ထောက်ထိုင်လိုက်ပြီး ဂူပေါ်က ကမ္ပည်းပြားကို လှမ်းထိလိုက်သည်။ ၎င်း၌ယို့ယွင်းနေသည့်လက္ခဏာများရှိနေပြိီး ပတ်ပတ်လည်တွင်လည်း ပေါင်းပင်များ ပြည့်နေ၏။
အရက်ပုလင်းဝက်ခန့် သောက်လိုက်ပါမှ သူ စကားပြောရန် သတ္တိရှိလာနိုင်သည်ထင်။ သူ သီး၍ ချောင်းဆိုးသွား၏။မျက်လုံးများ တစ်ဝက်စင်းလျက် ဂူပေါ်တွင် ထွင်းထားသော " ချန်ယာရှင်း " ဟူသည့် စာလုံးသုံးလုံးအပေါ် အကြည့်ရောက်သည်။ လေးထောင့်ကွက်ထဲရှိ ချန်ယာရှင်းကမူ တည်ငြိမ်စွာ ပြုံးလျက်။
" ငါ ချန်ယွိကို ကယ်ခဲ့တယ်..." သူ အသက်ရှုထုတ်လိုက်သော်လည်း မျက်နှာတွင် စိတ်အေးသွားသည့် အမူအရာမျိုးမရှိနေပါ : " ငါ မင်းကို ကတိပေးထားတာကို လုပ်ပြီးခဲ့ပြီ။ "