『Unicode』
ချီကျန့် အိမ်ပြန်ရောက်သောအခါ ရှုပ်ပွနေသော ဆိုဖာပေါ်မှာ လှဲချလိုက်သည်။ ကော်ဖီစားပွဲပေါ်၌ အရက်ပုလင်းအလွတ်များနှင့် မကုန်သေးသော အစားအသောက်များကို မြင်နေရသည်။ ယောင်တိယောင်ဝါးနှင့် မှတ်မိသွားသည်မှာ အိမ်အလုပ်လုပ်သည့် အဒေါ်က အိမ်ပြန်ဖို့ခွင့်ယူသွားခြင်းပေ။
သူ ထ၍ သောင်းပြောင်းထွေလာပုံနေသည့်စာကြည့်ခန်းသို့ ပြန်လာခဲ့သည်။ စားပွဲပေါ်တွင် လီယန့်အကြောင်းအချက်အလက် ရှိနေပြီး ၎င်း၏ နံဘေးတွင်တော့ Kraftစက္ကူနှင့် ပိတ်ထားသော စာတစ်စောင်။ယင်းသည် စုန့်ရွမ်မှ လုလျန်နင်ကိုပေးသောစာပင်။
လွန်ခဲ့သော လက စုန့်ရွမ်သည် သူ့ကို မျက်လုံးရဲရဲတွေနှင့် လာရှာခဲ့ကာ စာတစ်စောင်ပေးပြီး လုလျန်နင်ကို ပါးပေးရန် ဆွဲသွင်းလာခဲ့သည်။
သဘာဝကျကျပင် ထိုစာဟာ လုလျန်နင်လက်ထဲသို့မရောက် ၊ ချီကျန့်၏စာကြည့်ခန်းထဲတွင် တစ်လလောက် ရှိနေခဲ့ပြီးဖုန်တစ်လွှာပင် လွှမ်းနေချေပြီ။
ချီကျန့်သည် တုံ့ဆိုင်းခြင်းမရှိပဲ စာကို ဖွင့်လိုက်ရာ အလွန်လှပသပ်ရပ်သော လက်ရေးကို တွေ့လိုက်ရသည်။ " ချစ်ရပါသော လူကြီးမင်းလု ၊ ကျွန်တော်က စုန့်ရွမ်ပါ ၊ နှောင့်ယှက်မိတာ စိတ်မရှိပါနဲ့... " ... ချီကျန့် အကြမ်းဖျင်းတစ်ချက်ကြည့်ရုံဖြင့် မျက်လုံးများက အဓိကစကားလုံးများဖြစ်သည့် " လွမ်းတယ် " နှင့် " မမေ့နိူင်ဘူး " ထံ ရောက်သွားမိလျှင် သူ ဆက်မဖတ်နိုင်တော့ပေ။
စုန့်ရွမ်သည် စာရွက်အလွတ်တစ်ရွက်ပမာ နားလည်ရလွယ်ကူလွန်း၏။
သူ၏ မျက်နှာကကြည့်ကောင်းပြီး ၊ မိသားစုကလဲ ချမ်းသာကာ သူ၏စရိုက်ကလဲ ထိန်းချုပ်ရလွယ်သည်။ ချီကျန့် ထိုသို့တွေး၍ စာကို စားပွဲပေါ်ပစ်တင်လိုက်သည်။ သို့သော် စာက စားပွဲအစွန်နှင့် တိုက်၍ မြေပေါ်သို့ အသံပြတ်တစ်ချက်နှင့် ကျသွား၏။
ချီကျန့်သည် ပြန်ကောက်ဖို့ပင် ပျင်းရိလွန်းနေခဲ့သည်။ သူ စာရေးစားပွဲပေါ်တွင် တင်ထားသော ပုံအား ပြန်ကြည့်မိ၏။ သူနှင့် လုလျန်နင်တို့၏ အထက်တန်းကျောင်းမှာရိုက်ထားသည့် ပုံပေ။