『Unicode』
လုလျန်နင်သည် ဆေးရုံလူနာဆောင်ပြတင်းပေါက်တွင် ရပ်၍ အဝေးသို့ လျှောက်သွားနေသော လီယန့်၏ ကျောပြင်ကိုကြည့်နေခဲ့သည်။
လီယန်သည် အပြင်ဘက်သို့ တစ်လှမ်းချင်းလျှောက်သွားနေပြီး ၊ သူ ပုံရိပ်က ပိန်ပါးနေသည့်တိုင် တစ်ချက်မှ ပြန်လှည့်မကြည့်ခဲ့။
လုလျန်နင်၏ အမြင်အာရုံထဲ၌ ပုံရိပ်က ပျောက်ကွယ်သွားသည့်တိုင် သေးသထက်သေးသွားခဲ့၏။
လုလျန်နင်သည် ထိုနေရာမှာ မလှုပ်မယှက် ရပ်နေခဲ့သည်။ အကြည့်ကပင် မပြောင်းလဲခဲ့။
သူ တွေးမိသည် ၊ လီယန်ဟာ ဘာကြောင့် လှည့်၍ပင် မကြည့်ရသလဲ။ အနှီသူ၏ ခြေလှမ်းများဟာ နှေးကွေးလွန်းသည့်တိုင် မယိမ်းယိုင်ပါချေ။
သည်လို မဖြစ်သင့်ဘူးလေ။ ဤအခိုက်အတန့်မှာ သည်လို မဖြစ်သင့်။
ယခုအချိန်မှာ တိမ်မည်းတွေ ရှိနေသင့်ပြီး တစ်မြို့လုံးကို လျှပ်စစ်ပြတ်တောက်သွားသင့်တာပင်။
အရိပ်အားလုံး၏ အမှောင်ထုထဲ၌ လုလျန်နင်တစ်ယောက်တည်းမှာသာ အလင်းရောင်အနည်းငယ် ကျန်ရှိသင့်သည်။
သည်လိုသာဆို ၊ အမှောင်ကြောက်သည့် လီယန်က ပို၍ နှေးကွေးစွာဖြင့် ထွက်ခွာသွားပေလိမ့်မည်။ သူ ပြန်လာပြီး ပုန်းသည်မျိူးလည်း ဖြစ်နိုင်သည်။
သို့ပေမယ့် မဟုတ်ခဲ့။
လုလျန်နင်သည် လီယန် ထွက်သွားကတည်းက ထိုသို့သော အနေအထားဖြင့် ရှိနေခဲ့သည်။နေဝင်သွားပြီး ငွေမင်ရောင်လရောင်က သူ့ထံကျဆင်းလာသည့်တိုင်ပေ။
သူသည် ဖုန်တစ်လွှာလွှမ်းနေသော ပန်းပုရုပ်ထုတစ်ခုပမာ။
ထိုအခိုက်ဝယ် ၂၂ အရွယ် လုလျန်နင်ဆိုလျှင် သူ့ဒေါသကို ဖိနှိပ်ထားဖို့ လူနာဆောင်ထဲရှိ ကိရိယာနှင့် ပစ္စည်းများ အားလုံးကိုရိုက်ချိုးပစ်လောက်သည်။ သို့သော် ၂၇နှစ်အရွယ် လုလျန်နင်ကတော့ သည်အတိုင်းသာရပ်နေခဲ့၏။
လီယန်သည် နွေဦးပန်းပွင်တွေ ပွင့်လန်းပြီး အရာအားလုံး ပြန်လည် ဆန်းသစ်သည့် ရာသီတွင် ထွက်သွားခဲ့ပြီး သူ၏ဘဝသစ်ကို ကြိုဆိုခဲ့သည်။ သူ့ဘဝသစ်သည် အလင်းရောင် ၊ လွတ်လပ်မှုနှင့် နေရောင်ခြည်အပြည့်ဖြစ်ပြီး လုလျန်နင်ကိုအဆုံးမဲ့သည့် အေးစက်သည့်ဆောင်းရာသီမှာ တစ်ယောက်တည်း ချန်ရစ်ခဲ့၏။