『Unicode』
လွန်ခဲ့သည့် ၅နှစ် ၊ Hမြို့ရှိ ရပ်ကွက်တစ်ခု အတွင်းမှာဖြစ်၏။
ရှပ်အင်္ကျီလက်တိုနှင့် လူငယ်လေးတစ်ယောက်က စင်္ကြံမှထွက်လာလျက်။ လက်ပေါ်တွင်လည်း စွပ်ပြုတ်စင်ထားသောကြောင့် အစွန်းရာတွေရှိနေသည်။
ပူလောင်သည့် နွေနေ့တစ်နေ့ဖြစ်သည့်အပြင် မွန်းလွဲပေမို့ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ၃၈ဒီဂရီမှ ၃၉ဒီဂရီအထိရှိရာ သူ့ရှပ်လက်တိုမှာ ချွေးတွေနစ်နေပြီပင်။
သူ့၌ ဆံပင်တိုတိုဖြစ်အောင် ရိတ်ထား၍ ညိုသော အသားအရေ ၊ လက်မောင်းတွင်လည်း ချောမွေ့သည့်ကြွက်သားလိုင်းတချို့ရှိ၏။ ထိုအခိုက်ဝယ် သူဟာရပ်ကွက်အဝင်ဝတွင် ကြောင်စီစီနှင့်ရပ်နေခဲ့လေသည်။
သူ ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ်ကြည့်နေမိသော်လည်း သူ အစားအသောက်ပို့ရန် ယခုပင်စီးလာသော လျှပ်စစ်စက်ဘီးအား ရှာမတွေ့ခဲ့ချေ။
နာရီဝက်လောက်ကြာသည်အထိ သူ ရပ်ကွက်အဝင်ဝမှ ပင့်ကူမျှင်ကပ်နေသော ကင်မရာကိုကြည့်လိုက်သည်။ ဤသည်မှာအတော်လေး အိုဟောင်းနေသော ရပ်ကွက်ပါပေ။
သူ့ဖုန်းက မြည်လာပြီပင်။ သူဌေးခေါ်နေသည်ဟု သူ ခန့်မှန်းမိ၏။ မည်သို့ဖြစ်စေ ဤရပ်ကွက်က သူအလုပ်လုပ်နေသောစားသောက်ဆိုင်နှင့် လျှပ်စစ်စက်ဘီးစီးလာလျှင် ဆယ်မိနစ်သာကြာသည်။ သူကမူ သည်မှာ မိနစ်၄၀ ကြာပြီဖြစ်သည့်တိုင်ပြန်မလာသေး။
နောက်ဆုံးတွင် သူ ဖုန်းဖြေလိုက်၏။ သူ့အသံမှာ အာခြောက်နေ၍ထင် ၊ အနည်းငယ် အက်နေခဲ့သည် : " ဟယ်လို သူဌေး "
တစ်ဖက်မှ လူက ဆိုးရွားစွာ အော်ဟစ်လာတော့၏။
သူ ခဏမျှ တုံ့ဆိုင်းနေသော်ငြား ပြောပြလိုက်ဆဲ : " သူဌေး လျှပ်စစ်စက်ဘီးက အခိုးခံလိုက်ရပြီထင်တယ် "
တစ်ဖက်မှ အော်ဟစ်သံမှာ ပို၍ပင်ကျယ်လာလျက်။
သူ ဖုန်းကို အနည်းငယ်ခွာ၍ကိုင်ထားလိုက်ရသည်။ မြင့်မားသော အပူချိန်တွင် ဆူညံလှသောအသံက သူ့နားစည်ကိုရိုက်ခတ်လာကာ ခေါင်းပင် တဝီဝီမြည်သွားရ၏။