『Unicode』
ထိုနေ့က လုလျန်နင်သည် အလွန်မူးခဲ့၍လား ၊ ရုပ်ရှင်ပြီးကာစ အခြေအနေကြောင့် အဆိုပါအခြေအနေထဲက ရုန်းမထွက်နိုင်သေး၍လား မသိပါ။
သူ့ကြည့်ရတာ အခြေအနေနှင့် အလွန်လွတ်ထွက်နေသလိုပင်။
မျက်လုံးမှိတ်လျက်နှင့် ချန်မြောင်၏ ပေါင်ပေါ်မှာနားနေခဲ့သည်။ ချန်မြောင်မှာ အချိန်ကို ကြည့်မိရာ မနက်ခင်း ၁၂:၄၀ရှိနေပြီမှန်းသိလိုက်ရ၏။
ထို့အပြင် သူနှင့် လုလျန်နင်၏ သူငယ်ချင်းများက ပထမဆုံးအကြိမ် ဆုံဖူးကြခြင်းဖြစ်၍ သူတို့နှင့် မရင်းနှီးပေ။ လုလျန်နင်၏ ပုံစံက သူ့ကို အမှန်တကယ် ဖြေရှင်းရခက်စေတော့သည်။
ချန်မြောင်မှာ တစ်နာရီထိတိုင် ဆက်လက်ရှိခဲ့သော်လည်း တကယ် သည်းမခံနိုင်တော့ပေ။ ဘားထဲရှိ လေထုက နောက်ကျိနေပြီး မီးတွေကလဲ ရှုပ်ယှက်ခတ်ကာ မွန်းကျပ်သလို ခံစားရလာရသည်။ လုလျန်နင်ကမူ သေသလို အိပ်ပျော်နေဆဲ။ သူခေါင်းငုံ့၍ ကြိမ်ဖန်များစွာ ခေါ်ကြည့်သည့်တိုင် လုံးဝ မတုံ့ပြန်ခဲ့ပါချေ။
ချန်မြောင် နောက်ဆုံးကျမှ လုလျန်နင်ကို အရင်ပြန်ခေါ်သွားနိုင်ရန် အလယ်တွင်ထိုင်နေသော ပုဂ္ဂိုလ်ကို ပြောဖို့ဆုံးဖြတ်လိုက်သည်။သူ ထိုပုဂ္ဂိုလ်၏ အမည်ကိုပင်မသိသေးပေငြား လုလျန်နင်က အနှီပုဂ္ဂိုလ်ကြောင့် ပိတ်ပွဲပါတီ ပျက်ရကြောင်းကိုတော့ သိပါ၏။
သူက လုလျန်နင်ကို တစ်ဝက်ပင့်, ကူလိုက်သည်။ရိုက်ကူးရေးကြောင့် ဤကာလအတွင်း ကိုယ်အလေးချိန် အများကြီးကျသွားသည့်တိုင် Alphaသည် မပေါ့ပေ။
" မင်္ဂလာပါ... ငါသူ့ကို အရင်ခေါ်သွားနှင့်ပါ့မယ် ၊ သူအရက်တွေ....အရမ်းမူးနေတယ်။ " ချန်မြောင်၏ အသံက ဘားရှိပွက်လောရိုက်နေသော အသံများကြားတွင် ပြတ်တောင်းပြတ်တောင်းနှင့် မရှင်းလှ။
သို့သော် အလွန်နီးကပ်နေကြသဖြင့် ချီကျန့်ဟာ ချန်မြောင့်ထံမှ လုလျန်နင်၏ ဖယ်ရိုမုန်းနံ့တွေ ထွက်နေသည်ကို အနံ့ရမိသည်။