『Unicode』
လီယန်သည် အမှုန်အမွှားကင်းသည့် မျက်နှာကျက်ကို မျက်လုံးပွင့်လျက်သားနှင့်စိုက်ကြည့်နေ၏။ သူ့မျက်လုံးတွေကတည့်တည့်ပင်။ ယေဘူယျအားဖြင့် ဆိုရလျှင် ဤသို့သောနေရာလွတ်က သူ့ကို အလွယ်တကူ ကြောက်ရွံ့စေနိုင်သည်။
သို့သော် သူသည် ထိုအနေအထားနှင့် ကုတင်ပေါ်မှာ အကြာကြီး လှဲနေခဲ့သည်။
မျက်နှာပေါ်ရှိ ခပ်နွေးနွေးအထိအတွေ့က သူ့ကို အသိစိတ်ပြန်ဝင်လာစေရာ သူ လက်မြှောက်၍ ထိကြည့်လိုက်သည်။ယနေ့အတွက် တတိယအကြိမ်မြောက် အကြောင်းအရင်းမဲ့စွာ ငိုမိခြင်းပင်။
အလွန်ဝမ်းနည်းရသည်။ အသက်ရှူကျပ်သလိုပင် ခံစားရ၏။
အတွေးရပ်သွားပြီဖြစ်သည့် ဦးနှောက်က စတင်တွေးတော့လာ၏။ သူ ဆက်တိုက်တွေးပြီး ၊ မွန်းကျပ်ခံစားရသည့်မှတ်ဉာဏ်နယ်ပယ် တစ်ခုချင်းစီတိုင်းကို ဘာကြောင့်လဲလို့ မေးသည်။
တစ်ချိန်က ဘာ့ကြောင့်လဲဟု မမေးဖူးတဲ့သူက ၊ ဘာကြောင့်လဲလို့ မေးလာတဲ့အခါ တကယ်ကို ကြောက်စရာကောင်းသည်ပေ။
ဘာကြောင့် သူက ဒါတွေ အားလုံးကို တွေ့ကြုံခံစားရခဲ့သလဲ။
ဘာကြောင့် သူများတွေမဟုတ်ပဲ ၊ ဘာကြောင့် သူလဲ။
သူဟာ အမြဲတမ်း တလွဲတချော်ဖြစ်ခဲ့ရသည်ထင်။မည်မျှပင်ကြိုးစားပြီး ပျားပန်းခပ်နေသည့်ဘဝမှာ နားဆို့ ၊မျက်စိပိတ်ထားခဲ့ပါသော်ငြား လှည့်ရင်းလည်ရင်းဖြင့် သူဟာ သည်နေရာမှာသာ ရှိနေဆဲ။
ကံကြမ္မာဖန်တီးထားသည့် ရှောင်လွှဲမရသော ဒုက္ခနွံထဲမှာပင်။
သူဟာ ဒုက္ခတစ်ခုမှ တစ်ခုသို့သာ ခုန်ကူးခဲ့၏။
သူ ရှောင်ဟေး ၊ ချန်မြောင်နှင့် နောက်ဆုံး လီယန့်ကို မြင်သည်။
သူတို့မျက်နှာများက ဝေဝါးနေသော်ငြား သို့သော် သူတို့အားလုံးဟာ ဆင်းရဲခေါင်းပါးမှုတွေကြောင့် ဖိနှိပ်ခံရပြီး ထွက်ပြေးကြရသည့်သူများပင်။