『Unicode』
လုလျန်နင် ချက်ချင်း ဆို့နင့်သွားပြီး လီယန့်ကို လက်လှမ်းဆွဲလိုက်သည့်တိုင် ဆွဲလို့မရနိုင်ခဲ့ပေ။ လီယန်သည် ဖန်ကွဲစပုံကိုသူ့လက်ဖြင့်ကောက်နေဆဲ။ သူ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးမှ လေသံကို ပျော့ချလိုက်ပြီး : " မကောက်နဲ့တော့။အပိုတွေရှိသေးတယ်လေ မကောက်နဲ့တော့ "
သူ ဤသို့နှစ်ကြိမ်ပြောလိုက်မှ လီယန်ဟာ တဖြည်းဖြည်း စိတ်လျှော့သွားကာ သူ့ကို ဆွဲထူ၍ အိပ်ရာပေါ်တင်ခွင့်ပြုလိုက်၏။
လုလျန်နင်က တံခါးကို တွန်းဖွင့်၍ အပိုညမီးအိမ်ရရန် အိမ်တော်ထိန်းကိုရှာခိုင်းဖို့ ထွက်သွားသည်။
အိမ်တော်ထိန်းသည်လည်း အထဲမှ ပစ္စည်းကျသံတွေကို ကြားနေရ၏။ ပြီးလျှင် လုလျန်နင်က ညမီးအိမ်ယူဖို့ ထွက်လာသည်အား မြင်သော် ကြည့်နေရုံမှ တစ်ပါး ရွေးစရာမရှိခဲ့။
လုလျန်နင်က သူ့မျက်ခုံးကို ပွတ်၍ ဖွဖွဆိုသည် : " တကယ်ကို အရည်အချင်းရှိတာပဲ "
ထိုည၌ သူတို့နှစ်ယောက်ကြားမှာ မည်သည့်စကားမှ မဆိုဖြစ်တော့ပေ။ လီယန် တစ်ဖက် လှည့်လိုက်သောအခါ နွေးထွေးသည့်အဝါရောင်မီးက လုလျန်နင်၏ ခေါင်းပေါ်တွင် တစ်စိတ်တစ်ပိုင်းသာ ဖြာကျနေခဲ့သည်။ လုလျန်နင်က သူ့ခါးကို ဖက်ပြီး သူ့ကို ရင်ခွင်ထဲမှာ ဖိထား၏။
လီယန် အနည်းငယ်မျှသာ ရုန်းလိုက်သည့်တိုင် လုလျန်နင်က ဒေါသထွက်တော့မလိုဖြစ်လာသဖြင့် လီယန်ဟာအနေအထားကို ညှိ၍ မလှုပ်မယှက်သာ ပြန်လှဲနေလိုက်လေသည်။
လုလျန်နင်၏ ခြိမ်းခြောက်၊ဆူပူလိုသည့်စကားများက နှုတ်ခမ်းဝတွင် တစ်ဆို့နေခဲ့လျက်။ ပြီးမှ သူ ပြန်မျိုချလိုက်ရပြီးမျက်နှာသာ ကြိမ်ဖန်များစွာ ပြောင်းလဲသွားခဲ့သည်။
နောက်တစ်နေ့ လီယန် အပြင်ထွက်သောအခါ ခြံဝင်းတံခါးက ဖွင့်မရသည်ကို တွေ့လိုက်ရ၏။
သူ ခြံဝင်းထဲရှိ ပန်းပင်နှင့်သစ်ပင်ကိုင်းများ ချိုင်နေသော အိမ်တော်ထိန်းကို လည်ပြန်ကြည့်လိုက်မိသည်။ အိမ်တော်ထိန်းသည် ခေါင်းငုံ့ကာ သူ့အကြည့်ကို ရှောင်လိုက်၏။