『Unicode』
ဆောင်းဦးရာသီနှောင်းပိုင်းသို့ ချဉ်းကပ်လာပြီပင်။
ချန်မြောင်သည် စက်ဘီးစီး၍ သူနေထိုင်သည့် အခနည်းအိမ်ရာလေးရှိရာ လမ်းထောင့်သို့ ကွေ့လိုက်သည်။ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြားပင် တိတ်ဆိတ်နေလျက်။
သူ့တင်ပါးအောက်မှ စက်ဘီးကသာ တကျွိကျွိမြည်နေ၏။ စက်ဘီးသည် သူ ယွမ်၁၀၀ကျော်လောက်လေးနှင့် ဝယ်ထားသော တစ်လက်သုံးပင်။ ပထမဆုံးစီးသည့်နေ့က စက်ဘီးတာယာပေါက်ပြီး ဒုတိယအပတ်တွင် ဘရိတ်ကိုလည်းအစားထိုးခဲ့ရ၏။ စုစုပေါင်းလျှင် ၂၀၀ယွမ်နီးပါးကျသင့်သည်။
နှစ်တွေကြာလာသည်နှင့်အမျှ ချန်မြောင်၏ အန္တရာယ်အပေါ် သတိထားနိုင်စွမ်းဟာ တိုးတက်လာသည့်တိုင် ဤတစ်ကြိမ်တွင်တော့ သူ အနည်းငယ် သတိလက်လွတ်ဖြစ်နေမိဆဲ။
လတ်တလော၌ သက်သောင့်သက်သာဖြစ်သည့် ဘဝတွင် နေခဲ့ရ၍ ဖြစ်ပေမည်။ လုလျန်နင်ဟာ အမှုထမ်းရန်ခက်သော်လည်း သူပေးသည့်ငွေကတော့ အတော်လေး မြင့်၏။ သူသည် နံဘေးအိမ်က ရွှေ့ပြောင်းလုပ်သားကြီး၏ ဇနီးထံဖိနပ်ပါလစ်အားလုံးကို ပြန်ပေးလိုက်ပြီး လုလျန်နင်အတွက်သာ ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သည်။
ကတ်အတွင်းရှိ ပမာဏ သူ့ကို အနည်းငယ်ပင်လျှင် စိတ်အေးအောင်လုပ်နိုင်၏။ အားလုံးက ကောင်းမွန်သောလမ်းကြောင်းပေါ် စတင်ရွေ့နေပြီဟု သူ ထင်ခဲ့သည်။
အနည်းဆုံး ၅ယောက် ၆ယောက်ရှိမည့် လူသန်ကြီးများက သူ့အား လမ်းနှစ်ဖက်လုံးမှဝိုင်းရံလာကြလျက်။ ချန်မြောင်မှာ မရပ်နိုင်သေးခင် စက်ဘီးကို တုတ်ဖြင့် တိုက်ချခံရသည်။
ပျားတစ်ရာလောက် သူ့ပတ်ပတ်လည်မှာ ဝဲပျံနေသည့်အလား ချန်မြောင်၏ ခေါင်းမှာ တဝီဝီမြည်လာ၏။
သူ အလိုအလျောက် ခေါင်းကိုသာ အုပ်ထားမိ၏။ သူ့ခန္ဓာကိုယ်ပေါ်သို့ ထိမှန်လာသော စတီးတုတ်၏ ခပ်အုပ်အုပ်အသံကဤတိတ်ဆိတ်၊ ခြောက်ကပ်သော လမ်းလေးတွင် အထူးတလယ် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။