『Unicode』
အိမ်တော်ထိန်းက စာအုပ်ပုံးအတွက် လက်မှတ်ထိုးပေးပြီးနောက် လုလျန်နင်က စာကြည့်ခန်းထဲသို့ယူသွားလေသည်။ထိုနေ့၌ သူနောက်ကျသည်အထိ ထွက်မလာတော့ပေ။ ညဘက် သူ ထွက်လာသောအခါ လီယန်က အိပ်ပျော်နေချေပြီ။
လုလျန်နင်သည် ယခင်ကထက်ပို၍ အိမ်မှာ အချိန်ဖြုန်းလာ၏။ နှစ်ကုန်တော့မည်ဖြစ်၍ သူ အလုပ်များနေသင့်တာပင်။
သူ အိမ်မှာရှိနေချိန်ဆို လီယန် အပြင်ကို လွယ်လွယ် ထွက်လို့မရပေ။ နေ့စဉ်နေ့တိုင်း အကြီးမားဆုံးသော လှုပ်ရှားမှုမှာ ခြံဝင်းအတွင်းရှိ မြေဆီလွှာကို ဆွ၍ ရေလောင်းခြင်းသာ။ ထိုသို့သော အလုပ်ကို အိမ်တော်ထိန်းကလဲ အလွယ်တကူ လွှဲယူသွားနိုင်၏။
ငါးလကျော်လာပြီးနောက် ၊ ညဘက် လီယန် သန့်စင်ခန်းသွားချိန်တွင် သူ ဒယိမ်းဒယိုင်နှင့် အရမ်းသတိမထားခဲ့။
သန့်စင်ခန်း သွားပြီးမှ သူ ဘေစင်တွင် လက်ဆေးသောအခါ သူ့ဗိုက်ထဲမှ တစ်စုံတစ်ရာက လှုပ်သွားသလို ခံစားလိုက်ရ၏။ ပထမတုန်းက သူ ထင်ယောင်ထင်မှားဟု ထင်ခဲ့လိုက်သည်။ သူ မှန်ထဲက သူ့ကိုယ်သူကို ကြည့်နေပြီးမှ ရုတ်တရက်ရပ်တန့်သွား၏။ ရေဘုံပိုင်ရှိ ရေများက သူ့လက်ကို ဆေးကြောနေပြီး ရေပူပူက လက်များကို အနည်းငယ်ပင် နီရဲလာစေလျက်။
မှန်ထဲရှိ အမျိုးသားမှာ ဝမ်းဗိုက်ကြီးမားနေသောလည်း လက်မောင်းများကတော့ ယခင်အတိုင်း ပိန်နေဆဲ။ သူ ခြေနှစ်လှမ်းဆုတ်လိုက်ရာ သူ့ခြေထောက်တွေကလဲ ယခင်နှင့် သိပ်မကွာသည်ကို တွေ့လိုက်ရသည်။
ဝ,လာတယ်ဆိုရင်တောင် ဘာကြောင့် ဗိုက်တစ်ခုပဲ ကြီးထွားလာရတာလဲ။ သူ့ စိတ်ရှုပ်ထွေးသွား၏။ ထို့နောက် ဤကာလအတွင်း အစားစားနေတုန်း မကြာခဏ အန်ခဲ့ရသည်ကို သူ အမှတ်ရမိ၏။ လုလျန်နင်၏ မူမမှန်ခြင်းတွေ ၊ သူထိုးခဲ့ရသည့်ဆေးတွေ...ဟုတ်သား.. ပြီးတော့,...ကြောင်ဝတုတ်လေး။ သူ ကြောင်ဝတုတ်လေးကို မမြင်ရတာကြာပြီပင်။
နောက်ဆုံး သူ့မျက်လုံးတွေမှာ ဗိုက်ပေါ်ရောက်သွား၏။ သူ တုန်ယင်လျက် လျော့ရဲရဲ Pajamas ကိုလှန်ကြည့်လိုက်သည်။လက်များကို ဗိုက်ပေါ်တွင် အုပ်ကိုင်လိုက်သောအခါ ဗိုက်ထဲမှ အရာက နောက်တစ်ကြိမ် လှုပ်လာပြန်၏။