『Unicode』
လီယန်သည် လက်စွပ်ကို ကောက်၍ အိမ်ထဲယူလာလိုက်ပြီး အချိန်အတော်ကြာတိုင် မလှုပ်မယှက်နှင့် ထိုင်နေခဲ့မိသည်။
လုလျန်နင်၏ စရိုက်အရဆိုပါက သူသည် ရရှိပြီးလျှင် အလွယ်လေး ပြန်ပေးလိုသည့် လူစားမျိူးမဟုတ်ပေ။
သူ့အတွက် အတော်လေးကို ခံပြင်းရ၍ ဖြစ်ပေမည်။
လီယန်သည် ခေါင်းကို နံရံမှာ မှီရင်း မျက်လုံးများက ကိုယ်တိုင်ရွေးထုတ်ထားသော လုကျယ်ရွေ့၏ အရုပ်အိတ်ထံသို့အကြည့်ရောက်သည်။
သောကြာနေ့ည၌ လုကျယ်ရွေ့က ပျော်ပျော်ရွှင်ရွှင်ပဲ ရောက်လာခဲ့၏။ ကလေးများက အမြဲသည်လိုသာ ထင်။ ယခင်တစ်ခေါက်က သူ စိတ်ညစ်နေခဲ့ပြီး ၊ မည်သည့်ကြောင့် စိတ်ညစ်နေခဲ့လဲ မသိရသည့်တိုင် သည်တစ်ကြိမ်တွင်တော့ အလွန်စိတ်လှုပ်ရှားသည့်အသွင်ဖြင့် ရောက်လာခဲ့လေသည်။
သူသည် လီယန့်ကို သစ်သီးစွပ်ပြုတ်ပေးဖို့ တောင်းဆိုပြီး လီယန်ကို သူ့အတွက် နံရိုးလေးတွေ ကင်ခိုင်းသည်။
သူသည် အတွင်းတွင် အဖြူစွတ်စွတ် ဆွယ်တာနှင့် အမွေးပွ ကုတ်အင်္ကျီကို ၀တ်ထား၏။ နံရိုးကင်၏ ဆောစ့်များက သူ့အဝတ်များပေါ် ကျကုန်သည်။ သူသည် နံရိုးကို လက်နှင့်စားနေရာ သူ့အဝတ်အစားများ ညစ်ပတ်သွားသည်ကို မြင်လျှင်လီယန့်ကို မျက်လုံးပင့်၍ ကြည့်လိုက်သည်။
လီယန်သည် ယခင်တစ်ခေါက်က လဲထားသည့် အဝတ်များကို သွားရှာရတော့၏။ ထို့နောက် သူ့ကို အစားစားတာအပြီးသတ်ဖို့ ပြောလိုက်ပြီး သူဝတ်ထားသည့် အဝတ်များကို ချွတ်ကာ အဝတ်လျှော်ဇလုံထဲတွင် စိမ်ထားလိုက်သည်။
လီယန်သည် ဘာမှ သိပ်မစားခဲ့ပဲ ဟင်းချိုပန်းကန်သေးတစ်လုံးမျှသာ သောက်ပြီး ရပ်သွား၏။ အပိုနံရိုးနှပ် တစ်ပန်းကန်လုံးနီးပါး လုကျယ်ရွေ့၏ ဗိုက်ထဲသို့ ဝင်သွား၏။
စားပြီးသည်နှင့် သူသည် ကုတင်ပေါ်ကို အမြန်တက်ပြီး ပုံပြင်စာအုပ် ယူမည်ဟု ပြောလိုက်သည်။ သို့သော် သူ ကုတင်ဘေးကို ကြည့်လိုက်သောအခါ စာအုပ်က မရှိတော့ပေ။