『Unicode』
လီယန်မှာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံခဲ့ရ၏။ သူ အိပ်ခန်းတံခါးမှပင် မထွက်နိုင်။ လူတစ်ယောက်က သူ့ဒဏ်ရာတွေကို လာစစ်ဆေးပြီး စားစရာတွေကို ယူလာပေးတတ်သည်။
ထို့အပြင် သူ လုလျန်နင်ကိုပင် မမြင်ရနိုင်ပေ။ အစားအစာယူလာပေးသည့် ပုဂ္ဂိုလ်များကို စကားပြောဖို့ ကြိုးစားမိသည်။သို့သော် မည်သည့်ပုဂ္ဂိုလ်များမှ သူ့ကို မတုံ့ပြန်ကြ။ သူတို့အားလုံးမျက်လွှာချပြီး သူတို့အလုပ်သူတို့လုပ်ကာ အမြန် ထွက်ခွာသွားကြသည်ချည်း။
လဝက်ခန့်ကြာပြီးနောက် လီယန်မှာ သူ့ပုခုံးမှဒဏ်ရာကို အစစ်ဆေးခံခဲ့ရသည်။ စစ်ဆေးပြီးနောက် ထိုလူက တံခါးတွင်ရှိသည့်လူကို ခေါင်းညိတ်ပြလိုက်၏။
လီယန်တစ်ယောက် ဘာတွေဖြစ်နေမှန်း သဘောမပေါက်နိုင်သေးခင် သူ့ကို လူတစ်စုက တွန်းထုတ်သွားခဲ့လေသည်။နောက်ဆုံးတော့ သူ ထွက်ခွင့်ရပြီဟူ၍ ၊ မဟုတ်လျှင်လဲ လုလျန်နင်သူ့ကို တွေ့ချေပြီဟူ၍ သူ တွေးနေမိသည်။
0937ဟူ၍ နံပါတ်တပ်ထားသော ဆေး ၊ အလယ်ပိုင်း၌ ကြည်လင်သည့် ရေခဲအရောင်နှင့် အစွန်းပိုင်းများက ပန်းရောင်ပြေး၏။ ၎င်း၏ ခြောက်မီလီလီတာမျှဖြင့်ပင် Alphaဖြစ်စေ ၊ Omegaဖြစ်စေ မှားယွင်းHeatဝင်သည့်အဖြစ်ရောက်သကဲ့သို့ ထိန်းချုပ်မရသည့် ဆန္ဒတောကြားသို့ တိုက်ရိုက်သက်ဆင်းသွားနိုင်စေသည်။
လီယန် အခန်းထဲမှ ခေါ်ထုတ်ခံရပြီး ဒုတိယထပ်ရှိ တတိယမြောက်အခန်းသို့ ဝင်ခဲ့သည်။
အနှီအခန်းသည် ပြန်လည်ပြင်ဆင်ထားသည့်ပမာ အလွန် ကွဲပြားနေခဲ့သည်။ ထိတ်လန့်စရာကောင်းအောင် အဖြူရောင်ဖြစ်ပြီး စားပွဲဖြစ်စေ ၊ ထိုင်ခုံဖြစ်စေ မရှိ ၊ ကုတင်လဲတစ်လုံး ရေချိုးခန်းတစ်ခန်းသာရှိပြီး အခြားဘာကိုမှမမြင်ရပေ။
လီယန်မှာ တစ်ဝက်မျှ ကြည့်လိုက်ရုံဖြင့်ပင် ရင်ထဲ၌ ဆိုးရွားသည့် ထင်ကြေးတစ်ခု တိုးဝင်လာ၏။
သူ အပြင်သို့ ပြေးဖို့ပြင်လိုက်ပြီး ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ " မဟုတ်ဘူး ! ငါ လုလျန်နင်ကို တွေ့ချင်တယ် ! ငါသူနဲ့ စကားပြောချင်တယ် ! "