『Unicode』
ထိုနှစ်၏ နွေရာသီသည် အထူးတလယ်ပင် ဖြတ်သန်းရန် ခက်ခဲမည့်ဟန်ပေါ်သည်။ နွေဦး၏ အစသာဖြစ်သည့်တိုင်အေး၍လာပြန်၏။
လေအေးရောပါနေသော လေထုက နွေဦးအငွေ့အသက်လုံးဝ မရှိပါ။
သို့သော် သည်အရာတွေအားလုံး လီယန်နှင့် မသက်ဆိုင်ချေ။ သူသည် ဂွမ်းသား Pajamasအပါးကိုသာ ဝတ်မြဲဝတ်လျက်ကိန်းသေဖြစ်သည့် အတွင်းအပူချိန်ထဲမှာသာ လျှောက်ပတ်သွားနေခဲ့၏။
ဖန်လုံအိမ်ထဲရှိ နူးညံ့လှပသော ပန်းများကို ရေလောင်းပေးသည့်အပြင် သူဟာ ပြတင်းပေါက်အပြင်ဘက်သို့ ကြောင်စီစီနှင့် အချိန်အကြာကြီး စိုက်ကြည့်နေတတ်သည်။ ညဘက် လုလျန်နင်၏ ကားပြန်လာသည်ကို မြင်သည်နှင့် အိပ်ရာထက်အမြန်လှဲပြီး အိပ်ချင်ယောင်ဆောင်နေတတ်၏။ သို့သော် မကြာခဏဆိုသလို ရှာတွေ့ခံရလေသည်။
ထို့နောက် လုလျန်နင်ထံမှ လှောင်ရယ်ခံရမည်မှာ မလွဲမသွေ။ ထိုအချိန်က လီယန့်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ သိပ်မကောင်းလှသဖြင့် မကြာခဏဆိုသလို လုလျန်နင်ပြောသည်များကို မကြားနိုင်ချေ။ ထို့ကြောင့် ပျင်းရိငြီးငွေ့ရုံ ၊ လုလျန်နင်၏ သုန်မှုန်နေသော မျက်နှာကို သည်းခံရုံမှလွဲ၍ အခြားလုပ်စရာမရှိခဲ့ပေ။
လုလျန်နင်ကမူ ညဘက် အလွန်နောက်ကျသည်အထိ အလုပ်လုပ်ရပြီး မနက်ခင်းတစ်ခုလုံးနီးပါး အိပ်တတ်သည်။ သူမျက်လုံးဖွင့်သည်နှင့် နေ့လယ်စာစားတတ်၏။
လုလျန်နင်က မွန်းလွဲပိုင်းမှာ ပြန်လာခဲ,သဖြင့် သူ ညစာကို မကြာမကြာ တစ်ယောက်တည်း စားသောက်ရသည်။ အိမ်တော်ထိန်းက သူ့ဘေးတွင်ရပ်၍ သူ့ကို ပိုစားဖို့ သတိပေးတတ်သည်။ အကယ်၍ သူ အစားနည်းလျှင် လုလျန်နင်ကို တင်ပြမည်ဖြစ်ကြောင်းလည်း ပြော၏။
လီယန်ကမူ မယုံပေ။ ယခု လုလျန်နင်အဖို့ အလွန်အလုပ်များပြီး လူပေါင်းများစွာက သူ့ကို အရေးကြီးတင်ပြစရာများတင်ပြရန် စောင့်နေကြသည်ပေ။ သူ့၌ သည်လိုကိစ္စများကို ဂရုစိုက်နိုင်ချိန် ဘယ်မှာ ရှိပါအံ့ ?