『Unicode』
လျို့ချင်က လီယန့်ကို သူ့အိမ်ပြန်ခေါ်လာသည်။သူ ရေနွေးတည်လိုက်ပြီး ဆေးသောက်ရန် ပေးလိုက်သည်။
လီယန်သည် ယာဂုအနည်းငယ်မျှ သောက်ပြီး ပြန်အန်ထုတ်၏။ လျို့ချင်မှာ သူ့ကို ထပ်သောက်ဖို့ မတိုက်တွန်းတော့ပဲဆေးတိုက်လိုက်ကာ အိပ်ရာစောစောဝင်စေလိုက်သည်။
ခန္ဓာကိုယ်၏ မသက်မသာမှုကြောင့်ပေလား ၊ အိပ်ပျော်ဖို့ခက်သည့် လီယန်မှာ ထိုအခိုက်အတန့်တွင် အိပ်ပျော်သွားခဲ့ပါ၏။
လျို့ချင်တစ်ယောက် တစ်စုံတစ်ရာကို သတိပြုမိသွားပုံပေါ်ကာ လီယန့်အတွက် အနည်းငယ် စိတ်ပူလာရသည်။ သူသည်သူဂရုမစိုက်မိလျှင် လီယန်က တကယ် ထပ်သေချင်နေမည်ကိုစိုး၍ လီယန့်ကို သူ၏ မိတ်ဆွေဟောင်းများဖြင့် တွေ့ဖို့ ဆွဲခေါ်တော့သည်။
လီယန်မှာ ပထမ၌ အလွန်စိတ်ဓာတ်ကျနေသေးသော်လည်း ၊ လဝက်ကျော်မျှ ကြာသော် အခြေအနေက ပိုမိုကောင်းမွန်လာတော့သည်။
သူ လျို့ချင်၏ အိမ်မှာ အမြဲတမ်းနေ၍ မရပေ။ လျို့ချင်က အိမ်ထောင်ပြုပြီးသားဖြစ်၍ သူ့မိန်းမကလဲ အိမ်မှရှိနေရာအတော်လေး မဆင်မပြေပါ။
လျို့ချင်က လီယန့်ပုခုံးကိုပုတ်ပေးပြီး ပြုံးကာ ဆိုသည် : " မင်း အခုပြန်လာပြီပဲ။ ငယ်လည်းငယ်သေးတာ ဘယ်လို ခါးသီးတဲ့ အာဃာတတွေရှိလို့ ဘဝကိုတောင် မလိုချင်တော့လဲ။ လုပ်စမ်းပါ.. ဒီည လာခဲ့ဖို့ မမေ့နဲ့။ ငါ ဦးလေးလီတို့နဲ့ ဖဲကစားဖို့ ချိန်းထားတယ် ! "
သူက လီယန့်ကို ဆေးအိတ်ငယ် တစ်လုံးကမ်းပေး၍ လီယန့်ကို အိမ်ပြန်ပို့ပေး၏။ လီယန့် အိမ်ပတ်လမ်းမှာ ယို့ယွင်းနေပြီးနောက်နေ့မှ တစ်ယောက်ယောက် လာပြင်နိူင်မှာပင်။ လျို့ချင်တစ်ယောက် မတတ်သာတော့ပဲ လီယန့်ကို ပြန်ခေါ်သွားရကာ နောက်တစ်ည ထပ်နေခိုင်းရတော့၏။ လီယန်မှာ မနေချင် ၊ သူ လျို့ချင်ကို ဒုက္ခတွေ အများကြီးပေးမိနေပြီဟုဆိုသည်။
နောက်ဆုံး၌ လျို့ချင်က နောက်ထပ်ဖယောင်းတိုင်ယူလာပြီး လီယန့်အတွက် မီးခြစ်နှင့် ထွန်းပေးလိုက်သည်။