『Unicode』
ကိစ္စများက လုလျန်နင်၏ အစီအစဉ်အတိုင်း သွားနေခဲ့သည်။ နည်းနည်းတော့ ချောမွေ့လွန်းနေသည်ဟုပင် ဆိုလို့ရနိုင်၏။
မတ်လလယ်လောက်၌ ညစာစားချိန်မှာ လီယန်က စားနေရင်း ရုတ်တရက်ထရပ်လိုက်သည်။ ထိုင်ခုံက စူးရှစွာ ကျွီခနဲ့မြည်သွားပြီးနောက် သန့်စင်ခန်းသို့ အန်ရန် အလန့်တကြားပြေးသွားသည့်အသံများက တစ်ပါးတည်းပါလာသည်။
လုလျန်နင်၏ မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားကာ ပြီးကာမှ တစ်စုံတစ်ရာကို သဘောပေါက်လိုက်ပြီး အိမ်တော်ထိန်းကိုကြည့်လိုက်၏။
အိမ်တော်ထိန်းက ချက်ချင်း ကျန်းကျစ်ကိုခေါ်ကာ ညနေပိုင်းမှာ လာခဲ့ရန် ပြောလိုက်သည်။
လီယန်၏ ကိုယ်ဝန်ရှိကြောင်း သတင်း အတည်ပြုနိုင်လိုက်သည်နှင့်တပြိုင်နက် အိမ်ရှိ အခြေအနေမှာ သိပ်မအေးဆေးလှတော့ပေ။
ထိုနေ့က ကျန်းကျစ် သူ့ကို လာစစ်ဆေးခဲ့သည်။ စစ်ဆေးပြီးနောက် သူက ဘာမှ မပြောပဲ လုလျန်နင်ကိုသာ မျက်နှာသေနှင့် ခေါင်းညိတ်ပြလာသည်။ ထို့နောက် လီယန် ကြားလို့မရသည့် တစ်စုံတစ်ရာအား ပြောကြမည့်အလား နှစ်ဦးသားအပြင်ထွက်သွားကြ၏။
လီယန်သည်လည်း အနည်းငယ် စိတ်ပူနေသည်။ သူ အပြင်းအထန်နေမကောင်းဖြစ်နေသည်ဟု ခံစားရ၏။
လတ်တလောမှာ လုလျန်နင်၏ သူ့အပေါ် အပြုအမူများက ယခင်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။ ဤသို့ ဖြစ်လေလေ ၊ လီယန် ပို၍ စိတ်ထင့်လာလေလေပင်။ သူ့မှာ အချိန်အများကြီးမကျန်တော့ဟုတွေးမိသည်။
သို့တိုင် သူ လတ်တလောမှာ ဆေးမထိုးရတော့ပေ။ တစ်ခါတလေ စားချင်စိတ်ပျောက်သည်မှလွဲ၍ မသက်မသာဖြစ်တာမျိုးလဲ မရှိ။
ပြီးလျှင် လုလျန်နင်က ရုတ်တရက်ကြီး သူ၏ တစ်ပတ် ယွမ် ငါးဆယ်ကို ရုတ်သိမ်းသွားခဲ့သည်။
ယင်းက လီယန့်ကို အလွန်ဝမ်းနည်းစေသော်ငြား လုလျန်နင်က သူ့ကို အိမ်မှာပဲ အမြဲနေစေချင်နေသည်မှန်း သူခံစားလို့ရခဲ့ပါ၏။