『Unicode』
ချန်မြောင်သည် ရေချိုးခန်းထဲတွင် တဘက်ကို ရေညှစ်၍ ရေနွေးနစ်နေသော တဘက်ကို ပြန်ဖြန့်ကာ ကုတင်ပေါ်တွင် လှဲနေသော ချန်ယွိ့မျက်နှာကို သုတ်ပေးလိုက်သည်။
ချန်ယွိက မျက်လုံးတစ်ဝက်ပွင့်လာ၍ သူ့ကို ကြည့်လာ၏။ ချန်မြောင်က ကုန်း၍ နှစ်သိမ့်ပေးသလို တိုးကပ်သွားပြီး : " မကြောက်နဲ့။မင်း တာဝန်ကျ ဒေါက်တာက ငါ့ကိုပြောတယ်။ ခွဲစိတ်မှုအောင်မြင်ပြီးသွားရင် မင်းမှာ ပြန်ကောင်းလာနိုင်တဲ့အခွင့်အရေးကြီးတယ်တဲ့။ ဘာပဲဖြစ်ဖြစ် မင်းက ငယ်သေးတာကိုး "
ချန်ယွိ၏ မျက်တောင်များက အလွန်ရှည်၏။ အလင်းအောက်ဝယ် အရိပ်တစ်ခုက သူ၏ အောက်မျက်ခွံတွင် ရှိနေလျက်။သူက နှုတ်ခမ်းများကို ခပ်ယဲ့ယဲ့တွန့်ကွေးလိုက်သည်။
ချန်ယွိ၏ အခြေအနေကို အကဲဖြတ်ရလျှင် ခွဲစိတ်မှုကို အမြန်ဆုံးလုပ်ဖို့က ပိုကောင်းသည်။ ပိုကောင်းမွန်သည့် ခန္ဓာကိုယ်အခြေအနေသို့ ပြန်လည်ရောက်ရှိပြီးသည်နှင့် ခွဲစိတ်ချိန်ကို ချက်ချင်းဆုံးဖြတ်ရမည်ပင်။
ငွေရပြီးသားဖြစ်ကတည်းက နောက်ဆက်တွဲအစီအစဉ်များက အလွန်ပင် မြန်ဆန်လာပါ၏။
ခွဲစိတ်မှုကို မွန်းလွဲပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ခွဲစိတ်ခန်းသို့ မဝင်ခင် ချန်ယွိက ချန်မြောင့်လက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာက ဖြူလျော်လျက် လက်ဖဝါးတွင်လည်း ချွေးများပြန်နေ၏။
ချန်မြောင်က ခပ်တောင့်တောင့်နှင့် ပြုံးပြပြီး ဆိုသည်။ " ရှောင်ယွိ စိုးလည်းမစိုးရိမ်နဲ့ ၊ ကြောက်လည်း မကြောက်နဲ့။ခွဲစိတ်ပေးမဲ့ဆရာဝန်က အရမ်းအတွေ့အကြုံရင့်တယ်။ ငါကတော့ အကြောင်းတစ်ခုကြောင့် ရက်နည်းနည်းလောက်အပြင်ထွက်ရဦးမယ်။ ခွဲစိတ်ပြီး ထွက်လာတဲ့အခါ မင်းကို ပြုစုစောင့်ရှောက်ဖို့ သူနာပြုတစ်ယောက်ရှိနေလိမ့်မယ်။ မင်းစိတ်ချလက်ချနဲ့ အားပြန်ဖြည့်လို့ရတယ်။ငါက သုံးရက်ကနေ ငါးရက်အတွင်း ပြန်လာခဲ့မှာပါ "
ချန်ယွိက သူ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလျက် မျက်လုံးလှန်ကာ သူ့မျက်နှာပေါ်သို့ စိုက်ကြည့်နေပြီးနောက် မေး၏။ " ငါ ခွဲစိတ်ပြီးလို့ ထွက်လာရင် မင်းက အဝေးရောက်နေမှာလား။ "