Unicode
လုလျန်နင်တစ်ယောက် လီယန် ဆေးထိုးအပ်ကြောက်သည့်အကြောင်းကို မမျှော်လင့်သည့်ဖြစ်ရပ်မျိူးနှင့်သိရှိခဲ့ရတာပင်။
လီယန်ဟာ ကြောင်ကုတ်ခံခဲ့ရ၏။
ရက်ပေါင်းများစွာတိုင် မတွေ့မြင်ခဲ့ရပါသော လမ်းဘေးကြောင်လေးဟာ ဖန်လုံအိမ်ထဲ၌ ရုတ်တရက်ကြီး ပေါ်လာခဲ့လေသည်။
ကြောင်ပိန်လေးက ပန်းစင်ထောင့်တွင် ကွေး၍ သက်တောင့်သက်သာဖြင့် တစ်ရေးတစ်မောအိပ်ခဲ့သည်။
လီယန်တစ်ယောက် ၎င်းကို အတန်ကြာ အကဲခတ်နေခဲ့ပြီး သူ့လက်ဖြင့် ထိမကြည့်ပဲ မနေနိုင်တော့ပေ။
မမျှော်လင့်စွာ သူလက်ဆန့်လိုက်သည်နှင့်တပြိုင်နက် သတိကြီးလှသည့်ကြောင်က မျက်လုံးဖွင့်လာကာ ခြိမ်းခြောက်နိုင်စွာဖြင့် မာန်ဖီလိုက်၏။ ၎င်းက လီယန့်ကို စူးရဲသည့်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး လက်ကို အမြန် ကုတ်လိုက်လေတော့သည်။
လီယန်မှာ လက်မောင်းပေါ်တွင် စူးကနဲ့နာကျင်မှုကိုခံစားလိုက်ရပြီး လက်ရုတ်လိုက်သည့်တိုင် လက်မောင်းတွင် သွေးစို့ရာများစွာ ကျန်နေရစ်ခဲ့ပြီပင်။
သူ သန့်စင်ခန်းအတွင်း အလျင်နှင့်ပြေးသွားလိုက်သည်။ သို့သော် မည်သည့်ကြောင့်ရယ်မသိ ကြောင်က ကြောက်သွားပုံရကာ ပန်းအိုးနှစ်လုံးကို အောင်အောင်မြင်မြင်နှင့် ခွဲလိုက်လေသည်။ အိမ်တော်ထိန်းက လီယန်တစ်ခုခုဖြစ်ပြီအထင်နှင့်ဝင်လာသည့်အခါ ကြောင်က ပြေးထွက်သွားသည်နှင့် ပက်ပင်းမိလေ၏။
ကြောင်မှာ အဖမ်းခံခဲ့ရသည်။
လီယန်မှာမူ သူ့လက်များကို အိတ်ထောင်ထဲထည့်ထား၏။ အိမ်တော်ထိန်းက လာမေးသောအခါ သူက ခေါင်းယမ်းပြ၍ မထိခိုက်မိပါဟုဆိုလေသည်။
အိမ်တော်ထိန်းက ခေါင်းညိတ်ပြပြီး လီယန့်ရှေ့မှောက်မှာပင် လုလျန်နင်ကို ဖုန်းခေါ်ကာ လီယန် ကြောင်ကုတ်ခံလိုက်ရကြောင်း ပြောလိုက်လေသည်။
လီယန်တစ်ယောက် အိမ်တော်ထိန်းကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပါးစပ်တွေစေ့ကာ အိမ်ထဲပြန်ဝင်သွားတော့သည်။