အပိုင်း(၂၃၅) ဆုလက်ဆောင်အစုံလိုက်

288 49 0
                                    

ထိုမြင်ကွင်းကို တွေ့ရသောအခါ စူးလင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရှာ၏။ “လီရွှယ်ယင်းက တော်တော် အံ့ဩဖို့ ကောင်းသလို စန်းလည်း ရှိတယ်။ အဲဒီလို တစ်ခန်းရပ်ရုပ်ရှင်လေးနဲ့တောင် လူတိုင်းရဲ့ နှလုံးသားကို သူကိုင်လှုပ်နိုင်တယ်။ ဒါပေမယ့် ဒါက ဆရာတော်နဲ့ ဘာဆိုင်လို့လဲ ၊ ပြီးတော့ ပုံမှာက လီရွှယ်ယင်းစား ဘာလို့ ဆရာတော်ကို ထည့်ထားတာလဲ။”

သူ(မ)၏ ရေရွတ်သံအဆုံးတွင် ဖန်းကျန့်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့ချေပြီတည်း။ ဖန်းကျန့်က အနက်ရောင်တိမ်များနှင့် အရောင်တူသော စုတ်ပြတ်နေသည့် သင်္ကန်းကို ဝတ်ဆင်ထားလေသည်။ ထိုကဲ့သို့သော လူရည်သန့်ဘုန်းကြီးတစ်ပါး၏ အသွင်သဏ္ဍာန်က အခြေအနေနှင့် လားလားမျှ မအပ်စပ်ဖြစ်နေသော်လည်း ကင်မရာက ဘုန်းကြီး၏ မျက်လုံးများကို အနီးကပ်ဆွဲယူ ရိုက်လိုက်ချိန် စူးလင်မှာ အလိုလိုမှင်သက် သွားမိတော့၏။ ဖန်းကျန့်၏ မျက်ဝန်းထဲတွင် စကြဝဠာအတွင်းရှိ သက်ရှိတိုင်းကို ကရုဏာသက်နေခဲ့ဟန်က အထင်းသား။ စစ်ကို မုန်းတီးစက်ဆုပ်ခြင်းနှင့် အခြား စိတ်ခံစားမှုများအားလုံး ငုပ်လျှိုးငြိမ်ဝပ်သွားကြကုန်သည်။
နောက်ခံတေးသွားက တိတ်ဆိတ်သွားသလို အမျိုးသမီး၏ အသံတစ်သံသည်လည်း ပေါ်ထွက်လာ၏။ ညည်းတွားသံတစ်ခု .. ထိုအသံက စစ်၏ ရက်စက်ကြမ်းကြုတ်မှုကို ပို၍ ထင်ရှားစေသည်။

စူးလင်မှာ ကြည့်ရင်း ကြက်သီးထလာမိ၏။ သူ(မ)၏ နှလုံးသားအတွင်းမှ နင့်သီးစွာ ခံစားနေရသော်လည်း ထိုမြင်ကွင်းကြောင့် အဘယ်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရကြောင်း သူ(မ) မသိပေ။ သူ(မ)ရင်ထဲတွင် ဝမ်းနည်းမှုတစ်ရပ် လှိုက်ခနဲလှိမ့်ဝင်လာ၏။

ဖန်းကျန့်မှာ ဖန်သားပြင်ထက်တွင် အချိန်များများစားစားမပါပေ။ သို့သော်လည်း အလောင်းများကို နေရာတကျပြုပြင်ပြီးနောက် မတ်တတ်ရပ်လိုက်သောအခါ သူလွှမ်းထားသော အပေါ်ရုံသင်္ကန်းက လျှောကျသွားလေ၏။ ထိုအချိန်တွင် အောက်ခံအဖြူရောင်သင်္ကန်းက ဝင်းခနဲပေါ်လာလေတော့၏။ ထိုမြင်ကွင်းကား အထူးပြုလုပ်ချက်များထက်ပင် ပို၍ အံ့အားသင့်ဖွယ်ကောင်းသေးတော့သည်။ ဆည်းဆာနေရောင်ခြည်အောက်တွင် သူ့ပုံစံက မြင့်မြတ်၍ တော်ဝင်ဆန်သည့်အရှိန်အဝါတို့ ဖြန့်ကျက်လျက်။ ဖန်းကျန့်က လက်အုပ်နှစ်ဖက်ချီကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏ တိတ်တဆိတ် ငိုကြွေးမှုကို လူတိုင်းနားလည်ခံစားမိကြ၏။
မြင်ကွင်းကား နောက်တစ်ဖန်ပြောင်းလဲ သွားပြန်၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now