တောင်ပေါ်တွင် ရှီတကျု သူ့သရုပ်မှန်ကို ထုတ်မပြခဲ့။ ဖန်းကျန့်က အတုအယောင် ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူ့ကြွယ်ဝမှုကို မျက်စိကျသူဖြစ်နေမည်ကို သူစိုးရိမ်သည်။ သို့သော်လည်း နောက်ဆုံးတွင် ဖန်းကျန့်မှာ ဆရာတော်တစ်ပါး၏ အရည်အချင်းနှင့် ညီလျော်သူဖြစ်ကြောင်း သူလက်ခံယုံကြည်သွားပြီဖြစ်သည်။
ဖန်းကျန့်သည် တစ်လျှောက်လုံး ငွေစကားတစ်ခွန်းမဟခဲ့။ သူ၏ ပြသာနာကို ဖြေရှင်း ပြီးသည်နှင့် သူ့အား ဆက်နေဖို့ရန်ပင် မပြောချေ။ ၎င်းသည် စွမ်းရည်ထက်မြတ်သော်လည်း မောက်မာဝံ့ကြွားခြင်းမရှိဘဲ လူအများကို တန်းတူရည်တူသာ ဆက်ဆံသည်။ ၎င်း၏ အသွင်က ရေကဲ့သို့ နူးညံ ညင်သာလျက် ၎င်း၏ အပြုံးကလည်း ဝင်းထိန်ထိန်လမင်းပမာ။ ဖန်းကျန့်ကဲ့သို့သော လူငယ်မျိုးကို သူသဘောကျသည်။ ဖန်းကျန့်သာ သူ့သားဖြစ်ပါစေတော့ဟုပင် တိတ်တခိုးဆုတောင်းမိသေးသည်။
သူ့သားအကြောင်း တွေးမိသောအခါ သူ ဆဲပစ်ချင်လာသည်။
'အဲဒီကောင်စုတ်က တစ်ဘဝလုံး ဘာရည်မှန်းချက်မှ မရှိဘဲ အပျင်းတစ်နေတယ်။ တရုတ်ပြည်က သန်းချီတဲ့ လူတွေကြားမှာ ဒင်းက ဘယ်လိုလုပ်ပြီးတော့ ဆက်ရှင်သန်နိုင်မှာတုံး။ ဒင်းက သုံးစားမရတဲ့ လူပျော့လူညံ့တစ်ယောက်ပဲ ဖြစ်နေတော့မှာ။ အဲဒီလိုမျိုးသာ အဖြစ်ခံရမယ်ဆိုရင် ငါ တိုင်ကို ခေါင်းနဲ့ဆောင့်ပြီး သေပစ်လိုက်တော့မယ်။ အနည်းဆုံးတော့ ငါစိုးရိမ်ဖို့ မလိုတော့ဘူးပေါ့။'
ရှီတကျုသည် ရွာအပြန်လမ်းတလျှောက်လုံး အကြံထုတ်လာခဲ့ရာ နောက်ဆုံးတွင် သူ့ အိမ်နီးချင်းဖြစ်သူထံ ဦးစွာ သွားတွေ့ရန် အကြံရလိုက်၏။
များမကြာမီ သူ့အိမ်သို့ ထွက်ခွာလာ၏။ အမှန်တကယ်တွင်လည်း သူ အိမ်တံခါးကို တွန်းဖွင့်ဝင်လိုက်သည်နှင့် သားဖြစ်သူအား ဆိုဖာပေါ်တွင် အခန့်သားထိုင်ပြီး တီဗီကြည့် နေသည်ကို တွေ့လိုက်ရတော့၏။ ထို့အပြင် တီဗီကြည့်နေစဉ်လည်း မုန့်များကို တဂျွတ်ဂျွတ်စားနေသေး၏။ ထိုသကောင့်သား မည်ကဲ့သို့ တွေးနေသည်မသိ။
VOUS LISEZ
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...