ထိုမြင်ကွင်းကို ဖန်းကျန့်မြင်သောအခါ အျက်မှောင်ကုတ်သွား၏။ အမှန်ဆိုလျှင် စနစ်ပြောပုံအရ တရားတော်ကို အလွယ်တကူမသင်ကြားပေးသင့်။ အလားတူ၊ ဝတ္ထုပစ္စည်းများကိုလည်း အလွယ်တကူမပေးသင့်ပေ။ သို့မဟုတ်ပါက အချည်းနှီးဖြစ်ရုံသာမက မလိုလားအပ်သည့် ပြဿနာများရှိလာနိုင်သည်။
ထို့ကြောင့် နောက်တစ်နေ့၌ ဖန်းကျန့် ဆိုင်းဘုတ်တစ်ခုထောင်လိုက်ကာ ထောင်ထိပ်၌ မျှစ်တူးခြင်းကို တားမြစ်လိုက်၏။
လက်ရှိ၌၊ ဘေးရွာများမှ ဖန်းကျန့်အား မသိသူ အဘယ်သူရှိသနည်း။ လူတကာက သူ့အား တန်ခိုးရှင်ရဟန်းတစ်ပါးနှယ် ဆက်ဆံလာကြပေပြီ။ သူတားမြစ်ချက်ထုတ်လိုက်သည်နှင့် ရွာသားများ ချက်ချင်းရပ်တန့်လိုက်ကြ၏။ ဆိုပေသည့် ရပ်ဝေးဧည့်သည််များကား ဂရုမထားကြ။ ဆက်တူးကြဆဲရှိကာ တစ်ယောက်သောသူက ဆိုင်းဘုတ်ကို ဆွဲယူလွှင့်ပစ်လိုက်၏။
ဖန်းကျန့်မှာ ဆွံ့အသွားရကာ ဝံပုလွေကို ကန်ကျောက်၍ "ကျင်းဖန်း လုပ်ငန်းစတော့" ဟု မှာကြားလေ၏။
ဝံပုလွေက ဖန်းကျန့်အား သနားချင့်ဖွယ် မော့ကြည့်၏။ သူချည်း ဗီလိန်အမြဲလုပ်နေရသည်။ သူ့ဘဝက အဘယ်ကြောင့် ဤတမျှ ကြမ်းတမ်းနေရပါသနည်း။
ဝံပုလွေအူသံအဆုံး ၎င်းသည် ဝါးတောအတွင်း တဟုန်တိုးပြေးဝင်သွား၏။ နှင်းခဲဝါးအနီးကပ်လာသူ မည်သူ့ကိုမဆို လက်သည်းဖြင့် ပုတ်၊ သွေးဆာသော အကြည့်ဖြင့် ကြည့်လေ၏။ ထိုအခါမှ ခရီးသွားများ ကြောက်လန့်သွားကြတော့၏။
သို့သော်....၊
"ခွေးကလေး လာ ဘန်းမုန့်စား ရော့။ ငါတို့က သူငယ်ချင်းတွေနော်။ ငါမျှစ်နည်းနည်းတူပါရစေ ဟုတ်ပြီလား။"
"ခွေးကလေးရေ အရိုးလေးကိုက်ပါဦး။ ကြည့် အသားအများကြီးပဲ။"
"ဒီမှာ ကြက်ပေါင်လေ။"
သင်းကွဲဝံပုလွေအဖို့မှာမူ ၎င်းတို့အား ညဏ်ရည်ချို့တဲ့သူများအလား စွေစောင်းစောင်းကြည့်လိုက်၏။ ဖော်ရွေဟန်စိုးစိမျှမပြဘဲ အရိုးတုံး၊ ကြက်ပေါင်၊ ဘန်းမုန့်တို့ကိုပုတ်ထုတ်လိုက်၏။ သူကား ရူးနှမ်းနှမ်းခွေးမဟုတ်ပါချေ။ အထဲ၌ အဆိပ်ပါ မပါ မည်သူသိမည်နည်း။ သူဝမ်လျှော၊ ကိစ္စချောသွားလျှင် မည်သို့လုပ်ရမည်နည်း။ သူသတိချပ်ရပေမည်။

أنت تقرأ
ဗုဒ္ဓစနစ်(၂)
خيال (فانتازيا)ဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...