အပိုင်း(၂၉၁) ကျန်တဲ့လူတွေအားလုံး

274 36 1
                                    

ဖန်းကျန့် သေချာကြည့်လိုက်သော်လည်း ထိုလူကို သူလုံးဝမမှတ်မိသေး။ ၎င်း၏ မျက်နှာထက်တွင် အမွေးအမှင်များနှင့် ဖုံးလွှမ်းနေသော်လည်း ၎င်း၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ဝတ်စားဆင်ယင်ပုံက ကျိုးဝူနှင့် တူနေပေသည်။ ဖန်းကျန့်မှာ တမုဟုတ်ချင်း ရွှင်ပြလာ၏။ 'ဒီမှဲ့မန္တန်က တကယ်ကို အံ့ဩစရာပဲ .. ။ ဒီလူက ပိုပြီး အံ့ဩဖို့ကောင်းသေးတယ် .. ။ နှင်းခဲမျှစ်တစ်ချောင်းကို အလဟဿဖြစ်အောင်လုပ်ရင် လက်သည်းခွံအရွယ် မှဲ့တစ်လုံး ပေါ်လာတယ်။ ဒါပေမယ့် ဒီကောင်က မျက်နှာတစ်ပြင်လုံး မှဲ့တွေ အပြည့်အသိပ်ရှိနေတယ်။ ဒါတောင် သူမခံစားမိသေးဘူးလား ..။ အလိုလောဘက အခြေခံအကျဆုံး အပြစ်ကြီးတစ်ခုပဲ။'

အတွင်းစိတ်ထဲတွင် အူမြူးနေသော်လည်း ဖန်းကျန့်သည် အပြင်တွင် တည်ငြိမ်ချင်ယောင် ဆောင်ထား၏။ ထို့နောက် ဖျော့တော့တော့ပြုံးလိုက်ကာ “အော်မီထောဖော် .. အဲဒီတော့ ဒကာပေါ့ .. ။ ဒကာကျိုး အချိန်မှီ ရောက်လာသားပဲ။”

'အချိန်မှီရုံလေးလား' ကျိုးဝူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွား၏။ ထိုစကားက မည်သည့်အဓိပ္ပါယ်နည်း။ သူလာမည်ဆိုသည်ကို ထိုဘုန်းကြီးက ကြိုသိနေခြင်းလော။ သူရောက်လာခြင်းက ဘုန်းကြီးနှင့် မည်သို့ သက်ဆိုင်နေသနည်း။ သို့မဟုတ် သူ့မျက်နှာပေါ်မှ အမွေးအမှင်များနှင့် မှဲ့များကို ရှင်းပေးရန် ကြိုတင်စီစဥ်ထားသလော။

ထိုအချိန်တွင် ဖန်းကျန့်နောက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ "လမ်းဖယ် … “လမ်းဖယ် .. ရေသယ်လာတယ်ကွ။”

ထို့နောက်တွင်တော့ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် နှစ်မီတာခန့်မြင့်သော ရေပုံးကြီးနှစ်လုံးကို သယ်ကာ လျှောက်လာ၏။

ကျိုးဝူ ကြောင်အသွား၏။ သူ့ပထမဆုံးအတွေးက .. 'မဖြစ်နိုင်တာ။'

ဖန်းကျန့်က ပြုံးလျက် “ကျင်းရှင်း အခု ဒကာကျိုးက ဒီရောက်နေပြီ .. ။ မင်းနောက်သုံးလေးရက်လောက်အထိ နားလို့ရ‌ပြီ ရေပုံးတွေကို အောက်ချလိုက်” ဟု ညွှန်ကြားလေ၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now