အပိုင်း(၂၅၁) မင်းအတွက်ဆို ယလွီမြစ်ကို လက်ပစ်ကူးမယ်

281 36 0
                                    

မိန်းကလေးက မေး၏။ “အစ်ကိုယွီ အစ်ကို နောင်ကျရင်ရော ခုလို ကောင်းပေးဦးမှာလား ..။  ညီမဒူးကို ပွတ်ပေးပြီး ညီမအတွက် ငါးကြီးကြီးတွေ ဖမ်းပေးဦးမှာလားဟင်။”

ကောင်လေးက သူ့ရင်ဘတ်ကို တဗြန်းဗြန်းပုတ်လိုက်ပြီး “သိပ်သေချာတာပေါ့ .. ညီမဘာပဲ စားချင်စားချင်  အစ်ကိုရအောင် ရှာပေးမယ်။”

“ဒါဆိုရင် ညီမကို တစ်ခြားလူတွေ အနိုင်ကျင့်ရင်ရော။”

“အစ်ကိုသာ ရှိနေရင် ညီမကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး၊” ကောင်လေးက သူ့ရင်ဘက်ကို ထပ်ပုတ်လိုက်ပြီး အလွန်ယုံကြည်ချက်ရှိစွာ ပြောလိုက်၏။

ထိုအခါ ကောင်မလေးမှာ ပျော်မဆုံး တပြုံးပြုံးဖြစ်သွားလေ၏။ သူ(မ)၏ မျက်ဝန်းများက လခြမ်းကွေးနှယ် ရွှန်းလဲ့လျက်။

“ကတိနော် .. ။ ဒီစကားကို စာထွင်းထားရအောင်။ ဘယ်သူမှ ကတိဖျက်လို့ မရဘူးနော်၊” ကလေးမလေးက ဆို၏။
ကောင်လေးက သဘောတူလိုက်၏။ သို့နှင့် သစ်ပင်၏ ပင်စည်ထက်တွင် 'ယွီကွမ်ဟွာက လွီဖန်းဖန်းကို တစ်သက်လုံး ကာကွယ် စောင့်ရှောက်ပါ့မယ်'ဟူသော စာသားကို ရေးထွင်းလိုက်ကြ၏။ ထို့နောက် အခြားသစ်ပင် နှစ်ပင်ထက်တွင်လည်း ထိုအတိုင်း ထပ်မံရေးထွင်းလိုက်ကြပြန်၏။ ထို့နောက် ထိုစာသားများရေးထွင်းထားသည့် သစ်ခေါက်ကို ဓားဖြင့် ခွာလိုက်၏။

မြင်ကွင်းများက ပြောင်းလဲသွားပြန်၏။ လယ်ယာဖြင့် အသက်မွေးသော ရွာတစ်ရွာ၏ ညစ်ပေပေလမ်းငယ်တစ်ခု၏ မြင်ကွင်းအဖြစ် ပြောင်းလဲသွားသလို ကလေးမလေးလည်း ကြီးပြင်းလာခဲ့သည်။ သို့သော် အခြေအနေများက ဆိုးရွားလှသည်။ သူမထံမှ ဂျုံအိတ်ကို ဝဖိုင့်ဖိုင့်လူတစ်ယောက်က ဆွဲယူလိုက်ပြီး သူ(မ)ကို တွန်းထုတ်လိုက်၏။ မိန်းကလေးမှာ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။

ထိုစဥ် ကောင်လေး ပေါ်လာပြီး ထိုဖက်တီးနှင့် တိုက်ခိုက်ရန် ပြေးထွက်သွား၏။ ၎င်းထက် အဆမတန် သန်မာထွားကြိုင်းသော လူတစ်ယောက်ကို သူမည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။ သို့သော် ထိုကောင်လေးသည် စိတ်ဓာတ်မကျသွားပေ။ သူမည်မျှပင် ထိခိုက်အနာတရဖြစ်ပါစေ၊ နောက်ဆုံးတွင် ကုန်းရုန်းထပြီး ဆက်လက်တိုက်ခိုက်မြဲသာ။

ဗုဒ္ဓစနစ်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ