ထိုသို့ အတွေးပေါက်သွားသည့်နောက် ဖန်းကျန့်အား လှမ်းကြည့်လိုက်သောအခါ သူပို၍ ကြောက်လန့်တုန်လှုပ်လာ၏။ သူစကားတစ်ခွန်းမျှထပ်မပြောဝံ့တော့ပါချေ။ ဖန်းကျန့်ကပင် တိုက်တွန်းစရာမလိုဘဲရေပုံးကို ဆွဲကာ သုတ်သီးသုတ်ပျာဖြင့် တောင်အောက်သို့ ဆင်းသွားလေတော့၏။
မျောက်က ခေါင်းကုတ်ကာ တံခါးတွင် ရပ်လျက် ကျိုးဝူတောင်အောက်သို့ အပြေးတစ်ပိုင်းဆင်းသွားသည်ကို မြင်သောအခါ ဖန်းကျန့်အား မေးလိုက်၏။ “ဆရာတော် .. ဟိုလူ အရမ်းကို တက်ကြွနေပါလား .. ။ကျွန်တော်တို့ ရေပုံးတွေကို အလစ်သုတ်ချင်လို့ ဉာဏ်ဆင်နေတာများလား .. ။ ကျုပ်တို့မှာ ရေပုံးဆိုလို့ အဲဒီပုံးတွေပဲ ရှိတာနော်။”
ဖန်းကျန့်မှာ တွေဝေမိသွားသော်လည်း ထိုရေပုံးများက အတန်ငယ် တန်ဖိုးရှိကြောင်း အှတ်ရသွား၏။ သို့သော်လည်း ကျိုးဝူအကြောင်း ပြန်တွေးမိသောအခါ ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်လေ၏။ “သူခိုးမှာ မဟုတ်ပါဘူး .. ။ ပိုတောင် ကြိုးစားလုပ်ဦးမှာ။”
ဤအကြိမ်တွင်မတော့ ကျိုးဝူသည် ရေပုံးနှစ်လုံးအပြည့် ဖြည့်လာပေသည်။ အံကို တင်းတင်းကြိတ်လျက် တောင်ပေါ်သို့ ရောက်အောင် ကြိုးစားသယ်လာခဲ့၏။ ဗုဒ္ဓရေစညါထဲသို့ ရေများကို လောင်းချပြီးသည်နှင့် ရေထဲမှ သူ့အရိပ်ကို သူချက်ချင်း ပြန်ကြည့်လိုက်လေ၏။ အမှန်ပင် .. ။ သူ့မျက်နှာထက်မှ မှဲ့များက တစ်ဖန်လျော့နည်းလာခဲ့သလို ဤအကြိမ်တွင် လက်သည်းခွံအရွယ်ခန့် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုသို့ဆိုပါက ရေနှစ်ပုံး အပြည့်ဖြည့်မှသာ လက်သည်းခွံအရွယ် မှဲ့များကို ဖယ်ရှားပစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။ ပုံးတစ်ဝက်ဆိုလျှင် လက်သည်းခွံ၏ တစ်ဝက်ခန့် ပမာဏကိုသာ ဖယ်ရှားနိုင်ပေလိမ့်မည်။
ထိုသို့ သုံးသပ်မိသောအခါ မောပန်းနွမ်းနယ်နေသော ကျိုးဝူမှာ ခြေထောက်များ တင်းတောင့်နေသည့်တိုင် စိတ်ဓာတ်တက်ကြွလာခဲ့ပြန်၏။ သူစကားတစ်ခွန်းမျှ မဆိုဘဲ ရေပုံးများကိုသယ်ကာ လေအလျင်ကဲ့သို့ ပြေးထွက် သွားလေ၏။
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...