အပိုင်း(၂၂၉) ရေသရဲခေါင်းတုံး

231 37 0
                                    


ထိုသို့ပြောပြီးသည်နှင့် ဟောင်ချင်းရှီက ရေအောက်သို့ ငုပ်သွားပြီး ဟောင်ချင်းဂျယ်နှင့် ထိုအမျိုးသမီး၏ ခြေထောက်ကို ပင့်ပေးလိုက်၏။ ထို့ကြောင့် ရေမှော်များက သူ့ကို ရစ်ပတ်သွားလေ၏။ မြစ်က မနက်လှပေ။ ခြောက်ပေကျော်ကျော်ခန့်သာ နက်ပေသည်။

ဟောင်ချင်းရှီက အောက်ခြေရှိ ကျောက်စရစ်ခဲများကို ခြေဖျားထောက်မိသည့်အတွက် ဟောင်ချင်းဂျယ်နှင့် မိန်းကလေးတို့ကို အားသုံးပြီး ပင့်တင်ပေး၍ ရသည်။ သို့သော်လည်း မြစ်ရေစီးအားကြောင့် သူမြဲမြဲမနေနိုင်နေပေ။ ရေဖိအားက အလွန် အားကောင်းပြီး သူ့အဆုတ်မှာ အောက်စီဂျင်များကို ခက်ခက်ခဲခဲ ရှုရှိုက်နေရ၏။ ရေဝဲက တစ်ခဏအတွင်း ပြန်ပျောက်သွား၍သာ .. ။ သို့မဟုတ်ပါက မတွေးရဲစရာပင် ။ သို့သော်လည်း သူတို့နှစ်ယောက်လုံး မှော်ပင်များဖြင့် ရစ်ပတ်တွယ်ငြိနေပြီဖြစ်ရာ အကူအညီ တစ်စုံတစ်ရာမရပါက သူတို့နှစ်ယောက်လုံး နှစ်မြုပ်သွားမည့်ကိန်းရှိသည်။

ရေပေါ်သို့ တက်လာသော ဟောင်ချင်းဂျယ်မှာ မျက်ရည်သွင်သွင်ကျဆင်းလျက် “အစ်ကို … ပြန်တက်လာခဲ့ .. ပြန်တက်လာခဲ့။”

ထိုမြင်ကွင်းကို မြင်နေရသော တံတားထိပ်မှ လူများအားလုံး စိုးရိမ်တကြီးဖြင့် ဂနာမငြိမ် ဖြစ်နေကြ၏။ ရေကူးတတ်သော လူတစ်ယောက်က မြစ်ထဲသို့ ခုန်ဆင်းရန် ဟန်ပြင်လိုက်သော်လည်း အခြားလူများက သူ့ကို တားဆီးလိုက်ကြ၏။ ရေထဲသို့ ဆင်းသူများလေ သူတို့အတွက် ဒုက္ခပိုများလေပင် ဖြစ်ချေမည်။ မည်သူမျှ ပြန်တက်လာနိုင်မည့်ပုံ မပေါ်ချေ။

တစ်စုံတစ်ယောက်က မလှမ်းမကမ်း တစ်နေရာမှ ကြိုးတစ်ချောင်းတွေ့သွားပြီး သူတတ်နိုင်သမျှ အမြန်ဆုံး ပြေးလာခဲ့လိုက်၏။

ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ဝမ်ရိုကွေ့က အနောက်သို့ လှည့်လိုက်သော်လည်း ဖန်းကျန့်မရှိတော့သည်ကို သိလိုက်ရ၏။ မျောက်သည်သာ တံတားပေါ်သို့ တက်ပြီး အခြေအနေကို ကြည့်ရှုနေလေ၏။ ဝမ်ရိုကွေ့က လျစ်လျူရှုလိုက်၏။ ဖန်းကျန့်သည် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်သည့်အတွက် တစ်စုံတစ်ရာဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့ဆိုင်ကယ်ကို ကြိုးနှင့်လူထံ မောင်းသွားလိုက်၏။ သူတို့လုပ်နိုင်သမျှ လုပ်ရပေမည် ။ နောက်ပိုင်းကိုမူ ကံကြမ္မာကိုသာ ပုံအပ်ကြရုံ။ ပထမရေဝဲတစ်ခု ပျောက်ကွယ်သွားပြီးနောက် ဒုတိယရေဝဲတစ်ခု ထွက်ပေါ်လာခဲ့ပြန်၏။ ဤအကြိမ်ရေဝဲက ပထမအကြိမ်ထက် ပို၍ အားကောင်းသည်။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now