1+2

339 6 1
                                    

မအိမ်ကံ (အခန်း ၁+၂) //ခင်ခင်ထူး

(၁)

“ဇေယျတု ၅ဝ၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ် ကြွင် ၁၉၄ သူရိယကံ ဝေါဟာရ မာသ တပို့တွဲလှူတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီး အချိန်နြီာ ပတ်ပြီ ၉ ဗီဇနာ ၇ ပြီ ၉ ခရာ ကံလက် မိန်စမ်း ၁ နွေ ဟောရတ် ၁ တြင် ၁ နဝင်လကွီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက်လတ္တီ လျှက်ထိုဇ္ဖာ၏ တိသမရ နက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတွင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်”

(၂)

“သညာမည်တွင် အိမ်ကြီးရှင်မှာကောင်းအင်ညီမျှ ပုတ္တာဓိတရာ၊ သည်းချာရင်သွေး ကျွန်ကျေးလယ်ယာလုပ်တာဆောင်ခင်း ဆင်မြင်းကျွဲနွားရဲရဲပေါ်စ ဆန်းသစ်လသို၊ ဆဆထမ်းပိုး တက်တိုးမြဲမြံကျောက်သံပတ္တမြား စီးပွားချမ်းသာရတနာရွှေငွေ မြစ်ရေ သီဟာဧရာတင်းကြမ်း ထမ်းပိုးလွှမ်းသိုနှစ်လိုစည်ပင် နေ့တိုင်းဝင်၍လိုအင်ရှေးရှု ရောက်ပါစီကွမ်းခွက်စွဲသုံး ရွှင်ပြုံးသာကြည်ရွှေစည်ရွှေထီး စံရပြီးမှ၊ သမီးမောင်နှံ မြဲမြံသာရွှင်၊ ကင်းစင်ဝေဒနာ၊ သက်တစ်ရာ ရှည်ပါစီတော် ..”

ရွာလက်သည် “အမေကြီး ရိုးပုံ” ၏ အသံက မီးနေခန်း ခပ်ကျဉ်းကျဉ်းကလေးထဲတွင် လေးလေးတွဲတွဲနှင့် ခပ်ညည်းညည်းကလေး ထွက်ပေါ်လာသည်။ အသက်ရှစ်ဆယ်ကျော် လက်သည် အမယ်အိုကြီး၏ မီးနေခန်းဝင် ဆုတောင်းသံက ကတုန်ကရိ ရှိလှသည်။ တိတ်ဆိတ် ငြိမ်သက်နေသော မီးနေခန်းကလေးသည် ဆုတောင်းသံကြောင့် လွမ်းစရာလိုလို၊ အတိတ်နိမိတ် တစ်ခုခုကို ဆောင်ကြဉ်းလာသလိုလို ခံစားရ၏။ သားဖွားရမည့် ကိုယ်ဝန်သည် ‘မပန်းရုံ” ကတော့ ကြမ်းပြင်မှာ ခြေဆင်းထိုင်ရင်းက အမေကြီးရိုးပုံကို ငေးကြည့်နေလေ၏။

အသက်ရှစ်ဆယ်ကျော်ပြီဆိုသော်လည်း ‘ဇောင်ချမ်းကုန်း’ ရွာမှာတော့ မီးရေးဖွားရေး ကိစ္စတွေမှာ အမေကြီးရိုးပုံ မပါလို့ မပြီးပါ။ အတွေ့ အကြုံ ကြီးလှပြီ။ ဇောင်ချမ်းကုန်းမှာမှမဟုတ်။ အနားပတ်လည်က နရန်းရွာတွေဖြစ်သော တည်ပင်ကန်၊ ချယားကုန်း၊ လင်းနေကုန်း၊ ရှားတော၊ အိုးပေါက်၊ ကြက်တငို၊ ညောင်ဘုတ်၊ ယာကြီးပြင် စသည့်ရွာတွေကပါ အမေကြီးရိုးပုံကိုပင့်ကာ မီးနေခန်း ဝင်ခိုင်းတတ်ကြမြဲဖြစ်၏။ လှေတန်လှေ၊ လှည်းတန်လှည်း လာရသည့်အခါရှိသလို ခြေကျင်လျှောက်လာရသည့်အခါလည်း ရှိ၏။ ဘယ်လောက်ခရီးဝေးကလာလာ မီးဖွားမည့်အိမ် ရောက်ပြီဆိုသည်နှင့် ဖျင်တဘက် ခေါင်းပေါင်းကြီးကို ချွတ်၊ ပြောင်းဖူးဖက်လိပ်ကို ဖွာရင်း မီးနေခန်းကို ကြမ်းတစ်ချောင်းချင်း အရင်လိုက်ကြည့်တတ်သည်။ မီးနေခန်း ပြင်ဆင်ထားပုံကို အကဲခတ်သည်။ အိမ်မနှင့် မီးနေဆောင်အကွာအဝေးကို ချင့်သည်။ ပြီးတော့မှ မီးနေသည် အင်္ဂါရုပ်ကို ကြည့်သည်။ စိတ်ထဲ မကျေမနပ်ရှိလျှင် ဘယ်လိုမိန်းမသားကိုမှ ထောက်ထားသူမဟုတ်။

မအိမ်ကံWhere stories live. Discover now