18

20 1 0
                                    

မအိမ်ကံ (အခန်း ၁၈) // ခင်ခင်ထူး

---

“ဘုရား ဘုရား”

ဘုရားကို အကြိမ်ကြိမ် တနေမိတာကိုပဲ မအိမ်ကံ နောက်ဆုံး သတိရလိုက်တော့သည်။ အသည်းအဆုတ် တစ်မြုံလုံးကို ဘီလူးသဘက် တစ်ကောင် သွားစွယ်ဖြင့် ကိုက်ခဲလိုက်သလို လှပ်ခနဲ ကျင်တက် သွားသည့် ဝေဒနာက ပြင်းထန်လွန်းလှ၏။

ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သည်အရွယ်အထိ မုန်ညင်းတစ်စေ့စာမျှ ထိပါးစော်ကားခြင်း မခံရဘူးသည့် အပျိုစင် မိန်းကလေးတစ်ယောက်အဖို့ရာ စွပ်စွဲချက်တွေက အဆိပ်လူးမြားဒဏ်ကြောင့် တရှိန်ရှိန်ပြန့်လာသော အဆိပ်ဓာတ်များပမာ တစ်ကိုယ်လုံး စီးဆင်းလျက် ရှိလေသည်။

ရှက်ခြင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း များနှင့်အတူ နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ ပူးပေါင်းသွားကြရာက အမျိုးအမည် မပြောနိုင်သော ခံစားမှု တစ်မျိုး ဦးနှောက်ကို ဆောင့်တိုး လိုက်သည့်ခဏ မအိမ်ကံလည်း ဖြေချလိုက်သော ခေါင်းခုစုတ်ကဲ့သို့ ခွေခနဲ ပုံကျသွား လေတော့သည်။ မအိမ်ကံ လက်ထဲကမွမွကြေနေသော လက်ကိုင်ပဝါကလေးသည်လည်း မအိမ်ကံနှင့် အတူပင် မြေပေါ်ကျသွားခဲ့သည်။

မအိမ်ကံကိုတော့ မစိမ်းမြက အလိုက်သင့် ဖက်လိုက် သဖြင့်သာ ပြိုကျမသွားခဲ့ခြင်း ဖြစ်ပါ၏။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး။ မအိမ်ကံ ငါ့ညီမ သတိ ထားပါဦး။ အထဲက အေးလှတို့၊ ထွေးတင်တို့ လာကြပါဦးဟေ့”

မစိမ်းမြ အော်သံက ရက်ကန်းခတ်သံ တဂျောင်းဂျောင်း၊ ခြူသံ တချွင်ချွင်ကြား ပေါက်သွားပုံရပါ၏။ ရက်ကန်းခတ်နေသူ မိန်းကလေး သုံး၊ လေးယောက် ပြေးလာကြသည်။ မအိမ်ကံကို ကွပ်ပျစ်ပေါ် အလိုက်သင့် ပွေ့ချကြကာ ယပ်ခတ်ပေးကြသည်။ တစ်ယောက်က ထုံးနှင့် လျက်ဆားကို လက်ဖဝါးပြင်ချင်း ပူနေအောင်ပွတ်ကာ မအိမ်ကံကို ရှူစေသည်။ မအိမ်ကံခမျာ သတိလက်လွတ်ဖြစ်နေသော်လည်း ဒေါသတွေ အရှိန်ပြေသေးဟန်မတူ။ ရင်ကလေး မောက်ချည်နိမ့်ချည်ဖြင့် အသက်ရှူ မမှန်သလို ဖြစ်နေသည်။ ချွေးကလေးတွေ ပြန်တက်လာကာ မျက်နှာတစ်ပြင်လုံး ပုစွန်ဆီရောင် ပြေးလျက် ရှိ၏။ ရှည်သွယ်သွယ်လက်ချောင်းကလေးတွေက ဖြေမရ လောက်အောင် ကုပ်ကုပ်ကွေးကွေး ဆုပ်ထားသည့်အတွက် မစိမ်းမြက အားနှင့်ညှစ်ကာ ဖြန့်ပေးနေရသည်။

မအိမ်ကံWhere stories live. Discover now