21

19 1 0
                                    

မအိမ်ကံ (အခန်း ၂၁) // ခင်ခင်ထူး

---

၁၃၀၄ ခု၊ ပထမဝါဆိုလဆုတ် ၄ ရက်။

“ နှမကလေး မအိမ်ကံ ...

အစ်ကို မောင်မြတ်သာ စာရေး လိုက်ပါသည်။ သည်စာကိုတော့ နှမကလေးသာ ဖတ်ရန် မှာလိုက်ပါသည်။ အစ်ကို့မှာ စာများများ ရေးဖို့ရာလည်း အခွင့်မသာသည့်အတွက် လိုရင်းကိုသာ ရေးလိုက်ပါသည်။ နှမကလေး ကောင်းစားတာကို မြင်လို၍ အစ်ကို မရေးမဖြစ် ရေးလိုက်သည်လို့ပင် မှတ်ပါတော့။ နှမကလေး အရွယ် ရောက်ပြီ။ နှစ်ဆယ်ကျော် အရွယ်ဟာ မိန်းကလေး တစ်ယောက် အတွက် အခါလင့်ပြီဟု ဆိုနိုင်ပြီ။ ခေတ်အခါ ကာလ အလျောက်ရော၊ အသက်အရွယ် ရကြပြီ ဖြစ်သော မိဘများအတွက်ပါ အစ်ကို အမျိုးမျိုး စဉ်းစားပြီးမှ ရေးလိုက်သည်ဟု သာမှတ်ပါလေ။ နှမကလေး အိမ်ထောင်ပြုပါ။ အထူးပြောလိုသည်မှာ မောင်ပြေသိမ်းက နှမကလေးကို မေတ္တာရှိနေကြောင်း သူ့ပြော စကားများအရ အစ်ကို ရိပ်မိနေ၍ ဖြစ်ပါသည်။ မောင်ပြေသိမ်းမှာ မျိုးရိုးဇာတိ၊ စာရိတ္တနှင့် မိဂုဏ် ဘဂုဏ် ရှိသော အမျိုးကောင်းသား ပညာတတ်ဖြစ်၍ အစ်ကို့ အနေဖြင့်လည်း သဘောတူမိပါသည်။ နိုင်ငံရေးအရ အစ်ကိုနှင့် မတူတာရှိ၊ တူတာရှိဆိုသော်လည်း ဖြောင့်မတ်သူ တစ်ဦးအဖြစ် အစ်ကို ယုံကြည်လျက် ရှိပါသည်။ သည်စာက နှမကလေးကံ အတွက် ဆန်းကောင်း ဆန်းနေ ပါလိမ့်မည်။ သို့သော် လောကနိယာမသာဖြစ်၍ အထူး ရှက်ရွံ့စရာ မရှိပါ။ ကံကလေး၏ နောင်ရေး အတွက် ပြောရခြင်း ဖြစ်ပါ၏။

ကျန်းမာချမ်းသာပါစေ

အစ်ကို မောင်မြတ်သာ

စာကြွင်း။ အစ်ကို လောလောဆယ် ပျဉ်းမနားမြို့တွင် ရှိနေပါသည်။ မကြာမီ တွေ့နိုင်မည် ထင်ပါ၏။ ”

မအိမ်ကံက စာရွက်ကလေးကိုရော နွမ်းရိ ပါးလျားလှပြီ ဖြစ်သော စာအိတ်ဟောင်း ကလေးကိုပါ ငေးကြည့် နေခဲ့သည်။ စာဖတ်ခါစတုန်းကတော့ မအိမ်ကံ မျက်နှာ မထားတတ်ခဲ့ပါ။ အစ်ကို မောင်မြတ်သာကို မမြင်ရပါဘဲလျက် ရှက်နေ မိခဲ့သည်။ ရှက်ခြင်းနှင့် အတူ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ဝမ်းသာသလိုလို ဝမ်းနည်းသလိုလို ခံစားရခြင်းများ တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။ အစ်ကိုနှင့် မအိမ်ကံတို့ မောင်နှမ နှစ်ယောက်အဖို့ ကံကောင်းသည် ဆိုရပါမည်။ အဖေကလည်း သူ့သားမို့၊ အမေကလည်း သူ့သမီးမို့ ဆိုတာမျိုး မရှိ။ အဖေတူ အမေကွဲ မောင်နှမ ဆိုသော်လည်း မောင်ရင်း နှမပမာ ငယ်စဉ်ကပင် မအိမ်ကံကို အလို လိုက်ခဲ့သည်။ ချစ်ရှာခဲ့သည်။ မအိမ်ကံနှင့် အသက်ချင်း ကွာတော့ ဒိုးတူ ပေါင်ဖက် ကစားခဲ့ရတာမျိုးမရှိသော်လည်း နှမ ကလေး လိုချင်တာ မှန်သမျှ မျက်နှာ အညိုမခံခဲ့။

မအိမ်ကံWhere stories live. Discover now