10

37 1 0
                                    

မအိမ်ကံ (အခန်း ၁၀) // ခင်ခင်ထူး

(၁၀)

ဇောင်ချမ်းကုန်းရွာကလေး၏ အလှူဝင် အကြိုညသည် လဆန်းရက် ကောင်းကင်က လမင်းကြောင့် သာတောင့်သာယာ ရှိလှပါသည်။ ရွာလမ်းသည်ပင် ခါတိုင်းနှင့်မတူဘဲ အသက် ဝင်လာသော မြွေတစ်ကောင်ကဲ့သို့ တလူးလွန့်လွန့် ရှိနေခဲ့ပါ၏။ တစ်ဦးကိုတစ်ဦး တကြော်ကြော် ခေါ်သံများ၊ မရှိသူ မပြည့်စုံသူတွေက ရှိသူ ပြည့်စုံသူတွေထံ ပြေးကြ လွှားကြငှားကြ ရမ်းကြဖို့ ကူးလူးနေကြသံများလျှောက်ပြန်သံပေး ကာလသားတို့၏ သီချင်းတဟိုဟို ဆိုညည်း သံများဖြင့် ရွာကလေး၏ညသည်ပင် ခါတိုင်းညများနှင့်မတူဘဲ ရှိနေခဲ့သည်။ တစ်ရွာ့တစ်ရွာ အကူးအလူး နောက်ကျသော အဝေးရွာပြန်လှည်းများနှင့် အလှူအိမ်ကို ညအိပ်လာကြသော ဆွေလှည်းမျိုးလှည်းများဆီက အီသံများပင် မစဲသေးပါ။

မအိမ်ကံတို့ အိမ်ကြီးပေါ်မှာတော့ ခါတိုင်းထက်ပင် မီးရောင်တွေ ထိန်ထိန်ညီးညီး ရှိနေခဲ့သည်။ ညဦး ထမင်းစားပြီးကတည်းက မနက်အလှူအိမ်သွားဖို့ ပြင်ကြဆင်ရပြီ။ မအိမ်ကံ အတွက် မနက်ဝတ်မည့်အဝတ်အစားတွေကို ဒေါ်ပန်းရုံကိုယ်တိုင် ရွေးချယ်ထားပြီးဖြစ်၏။ နံ့သာခံပေါ်မှာ သုံးစင်း ဂမုန်းနွယ် အနီရောင်အချိတ်ထဘီနှင့် ပိုးပျော့ပန်းထိုး အင်္ကျီအနီကလေး ကို ဆင်မြန်းပေးဖို့ စိတ်ကူးထားသည်။ သည်အချိတ်ထဘီကို မအိမ်ကံ အပျိုဖြစ်ပါပြီဆိုကတည်းက မြင်းခြံ ပွဲကတော်ကြီးကတစ်ဆင့် တောင်မြို့ အထိ လှမ်းမှာထားရတာဖြစ်သည်။ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကလည်း ညဦးကတည်းက ဝတ်ဖို့ အဆင်သင့်ထုတ်ထားရတာဆိုတော့ ဒေါ်ပန်းရုံကိုယ်တိုင် အပေါ်ထပ်ကို တက်လာခဲ့ပြီး ဘုရားစင်တံကဲနောက်မှာထားသည့် ယွန်းသေတ္တာကို ထုတ်ယူသည်။ အလျားနှစ်ထွာ၊ အနံတစ်ထွာ၊ စောက်တစ်မိုက်ခန့်ရှိမည့် ရှေးယွန်းသေတ္တာမည်းမည်းကို ဖွင့်လိုက်သည့်အခါ ရွှေသားနှင့် ကျောက်ထည်တွေ
မောက်မောက်ကြီးရှိနေလေသည်။ ကျောက်ဘယက်၊ ကျောက်လည်ဆွဲ၊ ကျောက်လည်ကပ်၊ ကျောက်လည်တုံ၊ ကျောက်လက်ကောက်။ နားတောင်းတွေကလည်း အမျိုးမျိုး၊ ကျောက်တစ်လုံးနားတောင်း၊ ခြယ်နားတောင်း၊ နဝရတ်ကိုးသွယ်နားတောင်း၊ နားတောင်းကြက်ရင်၊ တစ်ပွင့်စိန်ဖူးဖူးကြီး ပွင့်နေသည့် နားတောင်းဆိုလျှင် နားရွက်မှာ ကြာကြာမပန်နိုင်ဘဲ ငိုက်ကျနေအောင်လေးလှသည်။ ရွှေထည်တွေကိုတော့ လုံးပတ်ထွာဆိုင် ဝါးပိုးဝါးဆစ်ဘူးကြီးနှင့် ထားရသည်။

မအိမ်ကံWhere stories live. Discover now