25

25 0 0
                                    

မအိမ်ကံ (အခန်း ၂၅ အဆက်) // ခင်ခင်ထူး

---

မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်၏ မိုးရက်တစ်ရက်။

ထိုနေ့က ဇောင်ချမ်းကုန်းမှာ မိုးတွေဖြိုင်ဖြိုင် ရွာလျက်ရှိသည်။ မိုးက ကောင်းကင်ကိုခွဲကာ သည်းကြီး မည်းကြီး ရွာအား ကောင်းလွန်းလှပါ၏။ သုံး၊ လေးရက် စွေပြီး ရွာနေသဖြင့် ကိုပြေသိမ်းပင် အိမ်တွင်း အောင်းနေခဲ့ရသည်။ အစစအရာရာ ရှားပါးသည့် ခေတ်ကာလ ဖြစ်သည့် အလျောက် ကျောင်းကလည်း တဖြည်းဖြည်း ခြောက်ခန်း လာခဲ့သည်။ ကျောင်းသား ဦးရေ နည်းနည်း လာသော်လည်း အထက်အမိန့် မရသဖြင့် ကိုပြေသိမ်း ကိုယ်တိုင်က ဆက်ဖွင့် ထားရသည်။ စားရေးဝတ်ရေး၊ နေရေးက ရှားပါးလှသည့် အပြင် အုပ်ချုပ်ရေး စနစ်များကလည်း ကမောက်ကမ ဖြစ်နေသည်ဖြစ်၍ ကျောင်းကို စိတ်မဝင်စားနိုင်ကြတာကိုလည်း ကိုပြေသိမ်း နားလည်ပါသည်။

ဇောင်ချမ်းကုန်း တာလမ်းမသည်ပင် မိုးရေတွေ စိုအိနေလေသည်။ အသွားအလာ မရှိဘဲ တစ်ချက်တစ်ချက်မှသာ အနောက်ကွင်းများဆီ ပဲပင်ပေါက် ကောက်ထွက်ကြသူ အချို့၏ အသံကို ကြားရတတ်သည်။ မိုးရေနူးနူးမှာ ပေါက်တတ်သည့်ပဲ ကျန်စေ့တွေက မိုးတစ်မနှစ် မရွာသည်နှင့် အစို့အညှောက်တွေ ထွက်ကြပြီ။ ပဲပင်ပေါက်ကိုပြုတ်ကာ စားကြခြင်းဖြင့် ထမင်း တစ်နပ် ခိုနိုင်တာလည်း ပါပါ၏။

မိုးကြီး တရစပ် သည်းနေသည့် ကြားကပင် သူကြီးအိမ်ကြီးဆီကို ဦးတည်လာနေသော လူတစ်ယောက်သည် ဝင်းထရံဘေး မယောင်မလည် ကပ်လာခဲ့ကာ ဝါးထရံကြားက ချောင်းကြည့်သည်။ လူက စုတ်စုတ်ပေပေ နိုင်လှသည့် အပြင် ဝါးဖတ် ခမောက်ကြီးကို ဆောင်းထားလိုက်သေးသည်။ မိုးရေတွေ ရွှဲရွှဲစို နေသည့် ဖျင်ကြမ်း အင်္ကျီက ရေစိုကြောင့် အိကျနေသည်။ အိမ်ကြီးဆီကို အော်သံ ခပ်ကျယ်ကျယ်ဖြင့် လှမ်းခေါ်သည်။

“သူကြီးကတော် ထင်းများ ယူဦးမလားလို့”

မလှအုံက ဝင်းဝကို လှမ်းကြည့်သည်။ ကိုဖိုးငွေကလည်း ရေနွေးကြမ်း သောက်နေရာက ငေါက်ခနဲ ထရပ်လိုက်သည်။ ထင်းယူဦးမလား ဆိုသော်လည်း ထင်းလှည်း မပါတာကို သတိထားမိလိုက်သည်။ မလှအုံက ဝင်းတံခါးနား အထိ လျှောက်လာခဲ့ကာ တံခါးချပ်ကြီး နှစ်ချပ်ကြားက အကဲခတ်သည်။ လူတစ် ယောက်။ ခပ်နုပ်နုပ်။

မအိမ်ကံWhere stories live. Discover now