24

19 0 0
                                    

မအိမ်ကံ (အခန်း ၂၄ အဆက်) // ခင်ခင်ထူး

---

“ဥုံ... ဟရီ... ဟရီ ဘုန်းတော် အလွန်တစ်ရာ ကြီးမြတ်တော်မူသော ရှင်တော်မြတ်ဘုရားသည် လည်းကောင်း၊ မုခပင်္ကဇံ ခံတွင်းတော်တည်း ဟူသော ရွှေကြာတိုက်၌ ဖြစ်တော်မူထသော ပိဋကတ္တယ ဟရီ ဟရီ ပိဋကတ် သုံးပုံ စောင့်သော နတ်သမီးသည် လည်းကောင်း၊ မဟိန္ဒရို မြေကို အစိုးရသော နတ်မင်း သည်လည်းကောင်း၊ ဗာဟိန္ဒရို ကောင်းကင်ကို အစိုးရသော နတ်မင်းသည်လည်းကောင်း၊ ဗြစန္ဒရို လဗိမာန်ကို အစိုးရသော လနတ်သားသည်လည်းကောင်း၊ နရစဇ္ဇရို နေဗိမာန်ကိုအစိုးရသော နေနတ်သားသည်လည်းကောင်း၊ ဗေဒဂြဟာ ဗေဒင် လေးပုံကို စောင့်သော ရှစ်လုံးသော ဂြိုဟ်နတ်တို့သည် လည်းကောင်း၊ သျှူရာဂဇာ သိကြားမင်းစီးတော်မူသော ဧရာဝဏ် ဆင်မင်းသည်လည်းကောင်း...”

ဘိသိက်ဆရာ၏ အသံက ဝိုင်းပြည့်ထိုးထားသော မဏ္ဍပ်တွင်းမှ လွင်လွင် စာစာ ထွက်ပေါ်လျက်ရှိ၏။ များလှသော ရွာစုံ ဧည့်ပရိသတ်၏ တဝေါဝေါ စကား ပြောသံများကြောင့် ဘိသိက်ဆရာခမျာ အားစိုက်အော်ရင်း ရွတ်နေရပါ၏။ မန္တလေးမှ ငှားထားသော အငြိမ့်ဆိုင်းနှင့် တွဲဖက်၍ ရွတ်ဖတ်နေခြင်း ဖြစ်ရာ လူသံ၊ ဆိုင်းသံ၊ ဘိသိက်သံတို့ ရောလျှက်ပွက်ပွက်ကြီး ညံလျက်ရှိလေသည်။ မဏ္ဍပ်ကြီးက တစ်ဝိုင်းလုံး နေရာလပ် မရှိအောင် ထိုးထားသော်လည်း ထိုင်စရာ နေရာ မရှိအောင်ပင် လူတွေ များလှပါ၏။ ရွာပေါင်းစုံက ပင့်ဖိတ်ထားသော ဆရာတော်များအား မနက်ပိုင်း ဆွမ်းကပ်လှူခဲ့ကြပြီး ဒါနဝတ္ထုအစုစုဖြင့် တစ်ပါးတစ်စုကျ ကုသိုလ်တွေ ပြုခဲ့ကြပြီ။ ကိုပြေသိမ်းရော မအိမ်ကံပါ မနက် စောစောထကြကာ ဆရာတော်ဘုရား သီတင်းသုံးရာကျောင်းကို မင်္ဂလာဆွမ်း ပို့ခဲ့ကြသည်။ ဆရာတော်ကြီးက သက်တော် ရလှပြီဖြစ်သဖြင့် မင်္ဂလာ မဏ္ဍပ်ကို မကြွနိုင်။ ကျောင်းက ပြန်တော့မှ သတို့သမီး မအိမ်ကံ အလှပြင်ရပါ၏။

မအိမ်ကံက မိုးပေါ်ကကျလာသည့် နတ်သမီးကလေးနှယ် ထင်းထင်းကြွကြွ လှလွန်းလှပါသည်။ မန္တလေးတစ်ဖက်ကမ်း ဝါးချက်ရွာ အချိတ်ရက်ကန်းရုံမှ ပွဲကတော်ကြီး တကန် တကမှာ ယူပေးသော ခုနစ်စင်း ဂမုန်းပွင့်ကြိုးကြီးချိတ် ရွှေဖလားရောင်နှင့် ပိုးပျော့ရင်ဖုံးအင်္ကျီ လက်ရှည် အဝါသွေး ကလေးကြောင့် ဖိတ်ဖိတ်တောက် နေတော့သည်။ အင်္ကျီလက် ကြာယပ် အနားတွန့် တွေကတော့ ဇောင်ချမ်းကုန်းမှာ ထူးဆန်းလို့ ပင်နေလေ၏။ ဆံထိုး၊ ဆံညှပ်၊ ပန်းခိုင်၊ ရှေ့စိုက်ဘီးတွေက အစ ကျောက်ထည်များချည်း ဖြစ်သည်။ ပီအောနားကပ်ကြောင့် နားရွက်လေး လှသော်လည်း လက်ရာကောင်း ကျောက်ဖြစ်၍ အဖိုးတန်မှန်း သိသာလှပါ၏။ ရှေးက ဥပါကြယ် ခေါ်ကြသည့် မိဖုရားနားပန်တော်နှင့်ပင် တူလေသည်။ အထူးခြားဆုံးကတော့ နယားလက်ကောက် လေးပင်လိမ်များ ဖြစ်၏။ အသားဝါချော မအိမ်ကံနှင့် ရွှေဖလားရောင် လွန်းရာကျချိတ်က လိုက်ဖက် လွန်းလှသည်။

မအိမ်ကံWhere stories live. Discover now