23

25 0 0
                                    

မအိမ်ကံ (အခန်း ၂၃ အဆက်) // ခင်ခင်ထူး

---

တစ်မနက်။

မအိမ်ကံ အိမ်ပေါ်မှာ ဘုရားပန်း လဲနေခဲ့သည်။ ရေကြည် သန့်သန့်တစ်ပုံး ဘုရားစင်ရှေ့တည်ကာ ဘုရားပန်းတွေ စိုက်ထားရင်း ပန်းဟောင်းတွေကို စွန့်သည်။ အနောက်တောဘက် မျိုးမြေပဲ သွားတင်ရင်း ဖိုးတုတ် ချိုးလာခဲ့သော အင်ကြင်းနီ ရိုးတံရှည်တွေကို တစ်တက်ချင်းရွေးကာ ရွက်ရင့်တွေ ခြွေသည်။ ပြီးတော့မှ ညောင်ရေအိုး သုံးလုံးကို ရေသန့်လဲကာ အမျှစီထိုးရပါ၏။ ပန်း၊ ရေချမ်းပါ ကပ်ပြီး အထမှာတော့ အစ်ကိုမောင်မြတ်သာကို မြင်လိုက်ရသည်။

“အစ်ကို ဘာလိုချင်လို့လဲ”

“ဘာမှ မလိုပါဘူး ကံကလေးရယ်။ အစ်ကို ငါ့နှမနဲ့ စကားပြောချင်လို့ပါ”

မအိမ်ကံ အစ်ကို့ အပါးမှာ ထိုင်ရပါ၏။ သည်တစ်ခေါက် အစ်ကို ရောက်လာခဲ့သော်လည်း မောင်နှမချင်း တစ်ခါမျှ စကားလက်ဆုံ မကျသေးပါ။ အစ်ကိုနှင့် ကိုပြေသိမ်းတို့ နှစ်ယောက်စလုံး ရွာစဉ်လှည့်ကာ အလုပ်တွေ များနေကြတာ လည်းပါသလို ညဘက်ရောက်တော့လည်း စကားဝိုင်းဖွဲ့နေ တတ်ကြသည် မဟုတ်လား။ ဘယ်အချိန် အိပ်ရာဝင်လို့ ဝင်ကြမှန်းပင် မသိပါ။ ညဉ့်ကလေး နက်လာလျှင် မအိမ်ကံနှင့် ကျေးဥတို့က အိမ်ပေါ်တက်ကြမြဲ။ သမီးရည်းစား ရယ်လို့လည်း ကိုပြေသိမ်းအနား မအိမ်ကံ မကပ်ရဲပါ။ မိဘမောင်ဖွားများရှေ့မှာ အနေအထိုင် သိုသိပ်ရတာကလည်း မအိမ်ကံတို့ မိန်းကလေးများ စောင့်ထိန်းရမည့် ဣန္ဒြေပဲ မဟုတ်လား။

အစ်ကိုက မအိမ်ကံနှင့် ဘေးတိုက်အနေအထားမှာ ထိုင် ရင်း ဘာတစ်လုံးမျှ မပြောသေးပါ။ မအိမ်ကံကလည်း အစ်ကို ဘာတွေ ပြောမှာပါလိမ့်လို့ တွေးမနေတော့ပါ။ မအိမ်ကံစိတ်ထဲ သိနေသလိုလိုပင်။ ကိုပြေသိမ်းအကြောင်း ပြောကြရုံကလွဲလျှင် အခြား ဘာမျှမရှိနိုင်။ အစ်ကို့မျက်နှာကို မအိမ်ကံ စိုက်ကြည့်နေ လိုက်သည်။ အစ်ကို့မျက်နှာက နိုင်ငံရေးဆွေးနွေးတော့မည့် မျက်နှာမျိုး။ မျက်နှာက တည်ကြည်လွန်းလှသည်။ နှမဖြစ်သူ ကို ဘယ်စကားက စပြောရမှန်းမသိသလို တအောင့်တော့ အားယူနေပုံရပါ၏။

မအိမ်ကံWhere stories live. Discover now