36

30 1 0
                                    

မအိမ်ကံ (အခန်း ၃၆) // ခင်ခင်ထူး

---

၁၃၃၈ ခုနှစ် တပို့တွဲ လပြည့်နေ့။ ဘုန်းကြီးကျောင်း အုတ်လှေကားကြီး ပေါ်က အဆင်း အုတ်ခုံခြေတွင် ချွတ်ထားခဲ့သော ကွင်းထိုး ခုံဖိနပ်ဟောင်းကို ငုံ့ကောက်ရင်း ဆွမ်းချိုင့် တစ်ဖက် ခုံဖိနပ်တစ်ဖက် တစ်ဖက်စီကိုင်ကာ နတ်လမ်းရိပ်ကို အရီးကျေးဥ ဝင်လာခဲ့သည်။

နတ်လမ်းကြီးက အရီးကျေးဥ ဝင်လာခဲ့သည်။ နတ်လမ်းကြီးက ရှည်လျားလှသည်။ တဖြောင့်တည်းတော့မဟုတ်။ ခပ်ဝေးဝေးမှာ တစ်ချို့ ကွေ့သွားသော အဆစ်ကွေ့ တစ်ကွေ့ ရှိသည်။ ထိုနေရာမှာ စေတီဟောင်း ကလေး ရှိ၍ ကြီးမားလှသော မဏိဩဃပင်ကြီး တစ်ပင် ရှိသည်။ မဏိဩဃပင် အရိပ်က ကောင်းလှသဖြင့် အရီးကျေးဥ တစ်ထောက်နားရန် စိတ်ကူးကာ နတ်လမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ အသက်ငါးဆယ်ကျော်လို့ ခြောက်ဆယ်အတွင်းဝင်လာတော့ တပို့တွဲ လပြည့်လေ။

“ရှင်အိမ်ကံ ဆုံးသာ ဆယ့်နှစ်နှစ် ရှိပြီ။ ကျုပ် သူငယ်ချင်း ကျေးဇူးရှင်မကြီး အဖို့ရာ ဆွမ်းကလေး တစ်စ လောင်းလှူ နေကျကိုး။ ဘယ်တုံး ကျောင်းပဲလား”

“ကျောင်းပါပဲ။ ဆရာတော် ရှိကဲ့လား”

“ရှိပါ့၊ ခုပဲ ကျုပ်နဲ့ စကားပြောခဲ့ သေးသယ်”

နတ်လမ်းထဲမှာ တွေ့ကြသူ ရွယ်တူတွေက နှုတ်ဆက်ကြခြင်း ဖြစ်သည်။ သည်အိမ်ကြီးမှာ လူတွေ ဆုံးပါးခဲ့ကြပြီ။ ဘိုးသာထန် ဆုံးခဲ့သည်။ ကြီးပန်းရုံ ဆုံးခဲ့ပြီ။ အရီးလှအုံ ဆုံးခဲ့ပြီ။ ကိုဖိုးငွေ ဆုံးခဲ့ပြီ။ ကိုဖိုးငွေကတော့ သည်ဆယ့်နှစ်နှစ်အတွင်း လူကြီး ရောဂါနှင့် ဆုံးခဲ့ခြင်း ဖြစ်၏။ ဘယ်သူ့အတွက်မှ နှစ်စဉ် ဆွမ်းရယ်လို့ မှတ်မှတ်ရရ မပို့ဖြစ်သော်လည်း မအိမ်ကံ အတွက်တော့ သည်ရက် ရောက်တိုင်း ဝတ်မပျက် ဆွမ်းလှူခဲ့သည်ပင် ဆယ့်နှစ်နှစ် ရှိခဲ့ပြီ။ ပဲမှော်တိုက်ပေါ်မှာ ဘဝဆုံးခဲ့ရှာသူဆိုတော့ အသနားပိုရတာ ပါပါ၏။ ကံကုန်သက်စေ့ မီးစာကုန်ဆီခန်း ဆုံးပါးရရှာသူ မဟုတ်တော့ ရှိခဲ့သမျှ အစွဲအလမ်းတွေကြောင့် မကျွတ်မလွတ်မှာ စိုးတာလည်း ပါပါလိမ့်မည်။

မအိမ်ကံWhere stories live. Discover now