30

26 1 0
                                    

မအိမ်ကံ (အခန်း ၃၀) // ခင်ခင်ထူး

---

မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ဝတ်ရုံမည်းကြီးပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း တစ်ရွာလုံးရှိ ရွာသူရွာသားများသာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာတော်တော့သည်။

မအိမ်ကံကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ဝမ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ဝိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်းရွာကျောင်းသည် နာရီပိုင်းအတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။

“ရပ်ရွာလူကြီးတွေမှအပ လူတွေအားလုံး ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ။ ဇာတ်ပွဲ ဆက်မှာပါ။ ဒါခင်ဗျား တို့အလုပ် မဟုတ်ပါဘူး။ လူကြီးတွေ အလုပ်ပါ။ ပြန်ကြပါ၊ ပြန်ကြပါ။ အေးအေးဆေးဆေး ပွဲဆက်ကြည့်ကြပါ”

မအိမ်ကံWhere stories live. Discover now