17

23 1 0
                                    

မအိမ်ကံ (အခန်း ၁၇) // ခင်ခင်ထူး

---

မအိမ်ကံက ဘယ်လိုမှ မျှော်လင့်ထားသူမဟုတ်။ မအိမ်ကံမှ မဟုတ်ပါ။ လှည်းသုံးစီးစလုံးက လူတွေအားလုံး ထင်မှတ်မထားသူက မြင်းကြီးတစ်စီးနှင့် ရေးကြီးသုတ်ပြာ လိုက်လာတာကို အံ့သြနေခဲ့ကြသည်။ မအိမ်ကံဆိုလျှင် ပါးစပ်ကို လက်ကလေးဖြင့်ပိတ်ကာ “အို” လို့ပင် အော်မိရသည်အထိ ထိတ်ပျာခဲ့ရသည်။

နောက်လှည်းက လူတွေကတော့ စစ်ပုလိပ်တွေပြန်တော့ တစ်ကိုယ်တော် ဓားပြများလား တွေးကြရာက လှည်းတွေကို တောင့်ထားရင်း သတိကြီးစွာ ထားလိုက်ကြရသည်။ တစ်ယောက်တည်းဆိုတော့ ကြောက်ကြပုံတော့မပေါ်။

“ အံ့သြသွားသလား မအိမ်ကံရဲ့။ ပုလိပ်တွေ အကဲမလှတာနဲ့ မြင်းတစ်စီးငှားပြီး အတွင်းလမ်းက ပုန်းလိုက်လာတာ။ ကူညီစရာရှိတာ ကူညီရအောင်ပါ ”

မအိမ်ကံက ကိုပြေသိမ်းကို ငေးကြည့်နေရှာသည်။ လက်တစ်ဖက်က ဖုန်တွေပေနေသည့် ပဝါစကိုခါလျက်၊ လက်တစ်ဖက်က မြင်းဇက်ကြိုးကို ပူးကိုင်ထားရင်း မအိမ်ကံတို့ စီးလာသည့် လှည်းဘေးမှာ မြင်းပေါ်က မဆင်းဘဲ ပြောနေခြင်း ဖြစ်ပါသည်။ မြင်းကမငြိမ်တော့ မြင်းလှည့်ရာလူပါ လှည့်နေရသည်။ မျက်နှာချင်းဆိုင်မိလိုက်၊ ဘေးတိုက်ဖြစ်လိုက်။ ခမျာ စိတ်မချလွန်းလို့ လိုက်လာရှာပါပကော။ မအိမ်ကံ ကျေးဇူးတင်မိပါ၏။ ရင်တွေလည်း ရှိန်းရှိန်းထအောင် ခုန်ရပါ၏။ မအိမ်ကံက လှည်းရံတိုင်ကို ကိုင်ထားရင်း စကား ဘယ်လိုစရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ တော်ပါသေးရဲ့ ကျေးဥက စကားဝင်ပြောလို့သာပေါ့။

“ဆရာလေး ကိုပြေသိမ်းမြင်ရမှပဲ အလုံးကျတော့ သယ်တော်။ လိပ်ပြာတောင် လွင့်သွားရောလား အောက်မေ့သာ။ မြို့တစ်ခေါက် လိုက်လာရသာ ရင်တွေတုန် လိုက်ရသာ ဆရာလေးရယ်”

ကျေးဥစကားကြောင့် ကိုပြေသိမ်းက ရယ်သည်။ မအိမ်ကံက အလိုက်သင့် ပြုံးပြရင်း နှုတ်ဆွံ့နေမိ၏။ စစ်ပုလိပ်တွေကို ငေါက်ငေါက်ငမ်းငမ်း တစ်ခွန်းမခံ ဆိုးဆိုး ဆတ်ဆတ်ပြန်ပက်ခဲ့သော မအိမ်ကံက မြင်းတစ်စီးနှင့် ကိုလူချောကျမှ ရင်တွေဖိုနေမိပါလား။

မအိမ်ကံWhere stories live. Discover now