35

27 1 0
                                    

မအိမ်ကံ (အခန်း ၃၅ အဆက်) // ခင်ခင်ထူး

---

၁၃၂၅ ခုနှစ်။

အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ရောက်လာခဲ့သည်။ အစ်ကို ရောက်လာတော့လည်း အားရှိရသား။ သည်တစ်ခေါက် အစ်ကိုတို့ ဇနီးမောင်နှံ လာကြတာ သမီးငယ်ခိုင်ကို လာခေါ်ကြခြင်းဖြစ်၏။ ခိုင်ကလေးကလည်း ပျော်နေသည်။ မအိမ်ကံကတော့ အစ်ကိုနှင့်ယောက်မ ရွာကိုရောက်သခိုက် အဖေနှင့် အမေတို့ ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်းစာရင်းကိုချပြသည်။ အစ်ကိုက ထန်းတောနှင့် ယာတောတွေကို မအိမ်ကံကိုပဲ ပေးရှာသည်။ အတွင်းပစ္စည်းအချို့ကိုလည်း မအိမ်ကံဖြစ်စေချင်သလို လက်ခံခဲ့ပါ၏။ မအိမ်ကံကလည်း မရိုးမသားမရှိ။ ရှိသမျှ ချပြခြင်းဖြစ်သလို မောင်မြတ်သာကလည်း နှမ၏သီလကို ယုံကြည်သည်။

“အစ်ကို ဒါတွေလာယူသာ မဟုတ်ပါဘူး ငါ့နှမရယ်။ညည်းက ယူပါတော့ ယူပါတော့ဆိုလို့သာပါ။ ဘာတွေရှိမှန်းလည်း အစ်ကိုမသိဘူး။ မြေတွေထန်းတောတွေ အိမ်ခြံဝိုင်းတွေ အစ်ကို စာချုပ်စာတမ်း လုပ်ပေးထားခဲ့မယ်။ အစ်ကို လာမနေဖြစ် တော့ပါဘူး။ မြို့မှာပဲ ခြံကလေးတစ်ခြံဝယ်ထားပြီးပြီ။ အခုတော့ စစ်ရုံးကပေးတဲ့ အိမ်မှာနေတာဆိုပေသိ မြိုင်တို့ ခိုင်တို့နဲ့ အတူနေဖို့ အိမ်ဆောက်မယ်”

“စာချုပ်စာတမ်း မလိုပါဘူး အစ်ကိုရယ်။ သည်မောင်နှမ ရှိသာပဲဟာ။ အစ်ကို လာနေတော့လည်း မအိမ်ကံ ဝမ်းတောင်သာရဦးမှာပါ”

“မဟုတ်ဘူး ကံကလေးရဲ့။ တို့ကအရွယ်ရကြပြီ။ နောင်လာနောက်သားတွေက တို့လို စိတ်ရှိချင်မှ ရှိမှာကိုး။ စာချုပ်စာတမ်းနဲ့ တရားဝင်အောင် လုပ်ကြရသယ်”

“အစ်ကို့သဘောပါ အစ်ကိုရယ်။ အားလုံး ခွဲစိတ်ပြီးကြရင် မအိမ်ကံ ရက်ကန်းရုံဖြုတ်တော့မယ်။ သမီးနှစ်ယောက် အစ်ကို့ ဆီမှာ နေကြရင် မအိမ်ကံ တစ်ယောက်တည်းကျန်မှာပဲ။ ကျေးဥ တို့တစ်တွေနဲ့ မအိမ်ကံ ယာခင်းကိုင်းခင်းက ထွက်သာနဲ့စား လောက်ပါသယ်။ အစ်ကို့ တူမနှစ်ယောက် အစ်ကိုတာဝန်ယူသာကိုပဲ မအိမ်ကံ ဝမ်းသာလှပါပြီ”

“ကောင်းတာပေါ့ ငါ့နှမရာ။ အပင်ပန်း မခံပါနဲ့တော့။ အစ်ကိုလည်း သွားသွားလာလာ ရှိမှာပါ။ သည်တစ်ခေါက် ခိုင် ကလေးကို အစ်ကိုတို့နဲ့ တစ်ပါတည်း ခေါ်သွားမယ်။ မြိုင်စာမေး ပွဲပြီးရင်တော့ ညီအစ်မ နှစ်ယောက်စလုံး အစ်ကို စောင့်ရှောက် ထားမှာပါ။ အစ်ကို့ တူမတွေ တက္ကသိုလ် ကျောင်းသူကြီးတွေ ဖြစ်လို့ ပညာစုံသွားရင် အစ်ကိုလည်း နားမယ်”

မအိမ်ကံWhere stories live. Discover now