11

39 1 0
                                    

မအိမ်ကံ (အခန်း ၁၁) // ခင်ခင်ထူး

(၁၁)

မြန်မာသက္ကရာဇ် ၁၂၉၆ ခုတပေါင်းလထဲကို ရောက်လာခဲ့ပြီ။ ဇောင်ချမ်းကုန်း ရွာကလေးမှာ ပဲတွေ သိမ်းကြရလေပြီ။ ရွာအနောက်စိုက်ခင်းတွေဆီကသီချင်းသံတွေ ညံနေချိန်ဖြစ်၏။ မိုးခေါင်ရေရှား အရပ်ဆိုတော့ စပါးထက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ စိုက်ကြရသည့်ဒေသဖြစ်သည်။ စိုက်ပျိုးမြေက ထွက်သမျှ သစ်စေ့သစ်နှံတွေကလည်း ဈေးကောင်းလှတာ မဟုတ်ပါ။ သို့သော် သည်လိုမှ မစိုက်လျှင် ငုတ်တုတ်ထိုင်ငတ်ရုံသာ။ သစ်စေ့သစ်နှံကလေး စိုက်ပျိုးထားတာကမှ ဘာပဲဖြစ်ဖြစ် ငွေကလေး ကြေးကလေး မြင်ရသည်။ ပဲပေး နှမ်းပေး အလှမ်းပေးယူလို့ရသည်။ အဖျင်းဆုံး နွားစာ ပဲရိုးပဲ‌မှော်ကလေးတော့ ရသေးသည် မဟုတ်လား။

“အရီးပန်းရုံရယ် ……. ပဲတွေကတော့ မတရားသီးပါရဲ့ ဈေးမရသာ ခက်သယ်..မြင်းခြံ မှာလည်း ရုတ်ရုတ် ရုတ်ရုတ်ဆိုတော့ ရွာက သီးနှံရောင်းသွားသဲ့လူတွေ ဖုတ်ပူမီးတိုက် ပြန်ပြေးလာကြရသာသဲ့တော့်”

“ရသလောက်ပေါ့ လှအုံရယ်.. မြေရှိရက်နဲ. မစိုက်လို့ကလည်း မဖြစ်ပြန်ဘူး မြင်းခြံမှာ ရုတ်ရုတ် ရုတ်ရုတ်ဆိုသာ ဘာတုံး.. ဘာကြားလို့လဲ”

“သိပေါင်တော်... ကျုပ်လည်း ပြောတတ်ပါဘူး...ပဲသွားရောင်းကြသဲ့ တောင်ချောင်းက လှသစ်တို့ ပြန်လာတော့ မြင်းခြံမှာ စစ်ပုလိပ်တွေ တွေ့ ခဲ့သယ် ပြောသာပဲ.. မြို့ကလည်း ခါတိုင်းလို မစည်ဘူးသဲ့.. သူတို့လည်း ရသဲ့ဈေးနဲ့ ရောင်းပြီး ဒုန်းပြန်လာကြ ရသယ် ပြောသာပဲတော့….”

ဟုတ်တော့လည်း ဟုတ်လောက်သည်။ သည်ဘက်ရက်တွေမှာ တောနယ်တွေက မြို့ကို အသွားအလာ နည်းကြသည်။ ရိတ်ချိန် သိမ်းချိန်လည်း ဖြစ်ပြန်၊ တိုင်းပြည့်အရေးကလည်း တလှုပ်လှုပ်ဆိုတော့ မလိုဘဲ သွားကြလာကြတာမျိုး မရှိကြတော့။ ရွာတွေမှာလည်း ကိုယ့်ရွာ ကိုယ့်ကင်းများဖွဲ့ကာ တစ်ရွာ့တစ်ရွာ အသံနားထောင်နေကြရ၏။ ဓားပြသံ၊ ခိုးသားခိုးဝှက်သံ တွေကလည်း ဟိုက သည်က တချိန်းချိန်းကြားနေရသည်။ ခါတိုင်းနှစ်တွေမှာ တပေါင်းလ ဆိုသည်နှင့် ဘုရားပွဲ၊ နတ်ပွဲ၊ အလှူပွဲ၊ ဘုန်းကြီးပျံပွဲတွေ တစ်ရွာမဟုတ်တစ်ရွာ ရှိနေကျ ရွာတွေမှာ စီးပွားရေး မကောင်းကြတော့ ဆွမ်းသိမ်းပွဲလောက်နှင့် ပြီးကြရသည်။ ဘုန်းကြီးပျံပွဲကိုလည်း အဖြစ်သာ ကျင်းပနိုင်ခဲ့ကြသည်။ မအိမ်ကံကတော့ မနက်မိုးလင်းလာပြီဆိုသည်နှင့် မျက်နှာသစ်၊ ဖြီးလိမ်းပြင်ဆင်ပြီးသည်နှင့် ဆွမ်းတော်၊ ရေချမ်းတော်၊ ပန်းတော် ကပ်သည်။ ဘုရားရှိခိုးသည်။ ရှိခိုးသည့်အခါ အဝေးကို ရောက်နေသည့် အစ်ကိုဖြစ်သူကို ရည်စူးကာ မေတ္တာပို့နေကျဖြစ်၏။ အစ်ကို မောင်မြတ်သာ မလာတာကြာပြီ။ အိမ်က ပိုက်ဆံငွေကြေး တောင်းတာမျိုးလည်း မရှိ။ ဘယ်ကျောင်းတက်လို့ ဘယ်အတန်းတွေ ရောက်နေမှန်းလည်း မအိမ်ကံ မသိ။ မအိမ်ကံလည်း စာမတက်ရတာ ကြာပြီ။ ရန်ကုန်လို မြို့ကြီးဆီမှ သတင်းစကားရဖို့ဆိုတာကလည်း မလွယ်။

မအိမ်ကံWhere stories live. Discover now